Credit: http://www.7daydaily.com/story/70013
ကလေးငယ်၏ ကနဦးရက် တစ်ထောင် (သန္ဓေသားလောင်းဘဝမှ၂ နှစ်မြောက်မွေးနေ့အထိ) ကာလတွင် အာဟာရလုံလောက်စွာမရရှိခြင်းနှင့် ကူးစက်ရောဂါ မကြာခဏ ဖြစ်ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သည့် ရလဒ်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုရလဒ်မှာ လူသုံးဦးလျှင်တစ်ဦးနှုန်း အရပ်ပုနေခြင်းဖြစ်သည်။ ပုညှက်ခြင်းဆိုသည်မှာ လူတို့တွင်ရှိသင့်ရှိထိုက်သည့် အရပ်အမောင်းထက် ပုနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။
‘‘အဓိက ပြဿနာပြောပါဆိုရင်တော့ လတ်တလောမှာ အရပ်ပုညှပ်ခြင်းရှိတယ်။ ကလေးသုံးဦးမှာ တစ်ဦးကအရပ်ပုညှပ်နေတယ်’’ ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ ညွှန်မှူးဒေါက်တာမေခင်သန်းကဆိုသည်။
ကမ္ဘာပေါ်တွင် ၅ နှစ်အောက် ကလေး ၁၆၂ သန်းခန့်သည် အရပ်ပုနေပြီးကမ္ဘာပေါ်ရှိ အရပ်ပုသော ကလေးငယ်စုစုပေါင်း၏ သုံးပုံတစ်ပုံရှိနေသော နေရာဒေသများမှာ ဆာဟာရကန္တာရအောက်ပိုင်းအာဖရိကဒေသတွင် ၄၀ ရာခိုင်နှုန်းနှင့် တောင်အာရှဒေသတွင် ၃၉ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ၂၀ဝ၉- ၂၀၁၀ က ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသားအာဟာရစစ်တမ်း Multiple Indicator Cluster Survey (MICS) အရ အသက် (၅) နှစ်အောက် ကလေးငယ်စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းမှာ ပုညှက်လျက်ရှိသည်။
‘‘ကမ္ဘာမှာ လေးယောက်တစ်ယောက်ပဲ ပုတယ်။ အရှေ့တောင်အာရှမှာဆိုရင် အင်ဒိုနီးရှားနဲ့ လာအိုတို့နဲ့ အတူတူမြန်မာက ပုတာထိပ်ဆုံး ဖြစ်နေတယ်’’ဟု ဒေါက်တာမေခင်သန်းက ဆိုသည်။
အာဟာရသုတေသနပြုလုပ်နေသော အဖွဲ့အစည်းအချို့က မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် အသက်ငါးနှစ်အောက်ကလေးများ၏ ၃၅ ရာခိုင်နှုန်း ပုညှက်နေကာ ချင်းပြည်နယ်၌ ကလေးများအရပ်ပုနှုန်းမှာ ၅၈ ရာခိုင်နှုန်းအထိရှိနေပြီး အချို့နေရာများ၌မူ အရပ်ပုနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ ရှိနေသည်ဟုဆိုသည်။
‘‘တောင်ပေါ်ဒေသမှာ ၄၅ ရာခိုင်နှုန်းသော ကလေးတွေက ပုနေတယ်။ ဗမာတွေထက် တိုင်းရင်းသားတွေက နှစ်ဆပိုပုနေတယ်။ အဆင်းရဲဆုံးကလေးတွေက အချမ်းသာဆုံးကလေးတွေထက် နှစ်ဆပိုပုတာကို တွေ့ရတယ်။ ချင်းပြည်နယ်က အမြင့်မားဆုံးပဲ။ ကလေးအရပ်ပုတာဟာ ရေရှည်အာဟာရချို့တဲ့တာပါ။ အရပ်ပုတာဟာ ပဋိသန္ဓေကတည်းက စတင်လာတာဖြစ်ပါ တယ်’’ဟု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (Save The Children) ၏ LEARN စီမံ ချက်မှ အာဟာရနှင့်ပြည်သူ့ကျန်းမာရေး အတိုင်ပင်ခံ မစ္စဂျနီဖာက ပြောသည်။
ကျေးလက်ဒေသများတွင်အရပ်ပုနှုန်းမှာ ၃၈ ဒသမ ၄ ရာခိုင်နှုန်းနှင့်မြို့ပြဒေသများတွင် ၂၇ ဒသမ ၂ ရာခိုင်နှုန်းရှိ၍ အပူပိုင်းဒေသများတွင် ၂၇ ဒသမ ၅ ရာခိုင်နှုန်းနှင့်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၇ ရာခိုင်နှုန်းခန့်စသည်ဖြင့် အသီးသီးရှိနေကြောင်း ၂၀၁၃ ၌ LIFT စီမံချက်မှ ကောက်ယူထားသော စာရင်းများတွင် ဖော်ပြထားသည်။
ကလေးတစ်ဦး၏ ပထမရက် တစ်ထောင်ကာလအတွင်း အာဟာရလုံလောက်စွာ မရရှိခြင်းနှင့် မကြာခဏနာမကျန်းဖြစ်ခြင်းတို့သည် ပုညှက်ခြင်းကိုဖြစ်ပေါ်စေသကဲ့သို့ အစားအသောက်ပုံစံစနစ်မကျမှုတို့ကလည်း ပုညှက်ခြင်းကို ဖြစ်ပေါ်စေသည်။
‘‘အခုဆို စစ်သမီးခေါ်ရင်တောင် အရပ်မမီလို့ ဘယ်လိုမှ ဝင်လို့မရဘူး။ ငယ်ငယ်တုန်းက အသား၊ ငါးဆိုလို့ရှိရင် ဘယ်လောက်စားရမယ်ဆိုတာမျိုး မစားခဲ့ရဘူး။ မိဘတွေကလည်း စီးပွားရေးအခက်အခဲတွေကြောင့်ပဲ၊ ဥ၊ ငါးတွေကို မျှတအောင်ကျွေးဖို့ အဲလောက်အထိ အချိန်မပေးနိုင်ဘူး။ အခုချိန်မှာ သိသွားပြီ။ ကိုယ့် မျိုးဆက်ကျရင်တော့ ဒီလိုမဖြစ်အောင် လုပ်ရမယ်’’ ဟု အရပ် ငါးပေသာရှိသော အသက် (၂၇) နှစ် အရွယ် မခိုင်ခိုင်ကဆိုသည်။
မိမိရင်သွေးအား အာဟာရပြည့်ဝအောင် ကျွေးမွေးသည့်ပုံစံ မှားယွင်းခဲ့ခြင်း၊ အာဟာရဖြစ်အောင် မကျွေးမွေးနိုင်ခဲ့ကြခြင်းတို့ကလည်း မျိုးဆက်အသီးသီးအလိုက် လူကောင်ညှက်သည့် လူမျိုးအဆင့်သို့ တဖြည်းဖြည်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
‘‘အာဟာရကြောင့်ပါ။ သူတို့တွေက ဗိုက်ဝတာနဲ့ အာဟာရပြည့်တာ မကွဲပြားကြဘူး။ မိဘတွေအများစုက ပညာမတတ်တော့ ကလေးထိန်းကျောင်းပြုစုပျိုးထောင်မှု မလုပ်တတ်ကြဘူး’’ ဟု မွန်ပြည်နယ် ရေးမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်သက်စိုးက မှတ်ချက်ပြုသည်။
လက်ရှိတွင် ပိန်လှီသော ကလေးများ ရှားပါးသွားသော်လည်း အရပ်ပုညှက်နေခြင်းမှာ အဓိကပြဿနာတစ်ရပ်အဖြစ် မြန်မာနိုင်ငံ၌ ကျန်ရစ်သည်။ ပုညှက်ခြင်းသည် ကလေးနှင့်လူကြီးများတွင် ရေရှည်အကျိုးသက်ရောက်မှုရှိပြီး ကာယ၊ ဉာဏစွမ်းရည်များ နိမ့်ပါးစေခြင်းအပါအဝင် အလုပ်လုပ်နိုင်စွမ်း လျော့ကျခြင်းနှင့် ကျန်းမာရေးမကောင်းမွန်ခြင်းတို့ ဖြစ်ပေါ်စေပြီး အဆိုပါကိစ္စရပ်များသည် တစ်ဦးချင်းတစ်ယောက်ချင်း အတွက်သာမက နိုင်ငံ့လူဦးရေ၏ စီးပွားရေးနှင့် ပညာရေးများ၌ပါ သိသိသာသာ ဆုံးရှုံးမှုများဖြစ်ပေါ် စေနိုင်သည်။
ထို့အပြင် အရပ်ပုသော ကလေးများသည် အသက်ကြီးလာပါက သာမန်ထက်ပိုမိုဝခြင်း၊ အဝလွန်ခြင်းများ ပိုဖြစ်နိုင်သည်။ ပညာသင်ယူရာတွင် အခက်အခဲရှိနိုင်သဖြင့် အသက်ကြီးလာလျှင် ဝင်ငွေရှာဖွေနိုင်စွမ်း လျော့နည်းကာ တစ်နှစ်ပျမ်းမျှ ဝင်ငွေ ၂၂ ရာခိုင် နှုန်းပိုမိုနည်းပါးသည်ဟု စစ်တမ်းများက ထောက်ပြထားသည်။
‘‘ပထမဆုံးတစ်ကမ္ဘာလုံးမှာ သက်သေပြနိုင်တာက အရပ်ပုနေတဲ့ ပြဿနာဖြေရှင်းဖို့ဆိုတာ အဓိက ငွေကြေးကို ပထမရက်တစ်ထောင်မှာ အများဆုံးရင်းနှီးမြှုပ်နှံပေးဖို့ အရေးကြီးသလို သက်ဆိုင်ရာဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။
တခြားနိုင်ငံတွေမှာဆိုရင် အဲဒီလိုအရပ်ပုတဲ့ပြဿနာကို သိသိသာသာနှစ်တိုတိုအတွင်းမှာ လျှော့ချလိုက်နိုင်တဲ့ နိုင်ငံတွေရှိပါတယ်။ သူတို့ဘာလို့အဲဒီလို လျှော့ချနိုင်သလဲဆိုတော့ အဓိကကသူတို့နိုင်ငံတွေရဲ့ဦးဆောင်သူပေါ့။ သမ္မတကနေပြီးတော့ အရမ်းကို အလေးထားပြီး ဦးဆောင်ပေးခဲ့တဲ့အတွက်ပါ’’ ဟု DFID (Department for international Development) အဖွဲ့မှ အာဟာရ အကြံပေးမစ်ဂျိုအင်းရွိုင်စင်က ဆိုသည်။
LIFT အဖွဲ့နှင့် ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးများကို ငွေကြေးပံ့ပိုးပေးခြင်းဖြင့် အရပ်ပုနှုန်းလျော့ကျပုံကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (Save the Children) မှ ဒေါ်ချယ်ရီစိုးက ‘‘ရခိုင်မှာ ရှေ့ပြေးစီမံချက်အနေနဲ့ ငွေထောက်ပံ့ပေးတဲ့ရွာ ၁၅ ရွာနဲ့ ငွေမထောက်ပံ့ဘဲ စောင့်ကြည့်လေ့လာတဲ့ ရွာ ၁၅ ရွာဆိုပြီး ခွဲလေ့လာလိုက်တဲ့အခါ ငွေကြေးထောက်ပံ့တဲ့ ၁၅ ရွာမှာ ၁၄ လအတွင်းမှာ ကလေးအရပ်ပုနှုန်း ၅ ရာခိုင်နှုန်းလောက် လျော့ကျသွားတာတွေ့ရတယ်’’ ဟု ဆိုသည်။
အရပ်ပုခြင်းကို ကာကွယ်သည့် လုပ်ငန်းအစီအစဉ်များအရှိန်မြှင့်တင် ဆောင်ရွက်ရာတွင် အရပ်ပုခြင်းကို ဖော်ထုတ်ခြင်း၊ တိုင်းတာခြင်းနှင့် အကြောင်းရင်းများကို ပိုမိုနားလည်အောင် ပြုလုပ်ရန်လိုအပ်ကြောင်း အာဟာရလေ့လာသုတေသန ပြုလုပ်နေသော အဖွဲ့အစည်းအချို့က ထောက်ပြသည်။
မိခင်အာဟာရနှင့်ပတ်သက်၍ မျိုးဆက်ပွားအရွယ် အမျိုးသမီးများ၏ အာဟာရအခြေအနေကို မြှင့်တင်ခြင်း၊ အပျိုဖော်ဝင်စအရွယ်များ၊ အမျိုးသမီးများနှင့် မိခင်များအတွက် အာဟာရနှင့်ကျန်းမာ ရေးလုပ်ငန်းများ ပိုမိုအားကောင်း လာရန်နှင့် မူဝါဒများချမှတ်ရာတွင် ပါဝင်ပံ့ပိုးပေးရန်၊ မိခင်နို့တိုက် ကျွေးခြင်း အလေ့အထများ ပံ့ပိုး ခြင်း၊ မွေးစမှ ခြောက်လအထိ မိ ခင်နို့တစ်မျိုးတည်း တိုက်ကျွေး ခြင်းနှင့် ခြောက်လကျော်ပါက မှန် ကန်သောဖြည့်စွက်စာ ကျွေးခြင်း စသည်တို့ကို အကောင်အထည် ဖော်ရန် လိုအပ်နေသည်။
ပြည်သူလူထုကလည်း ရပ် ရွာအခြေပြု ကူးစက်ရောဂါ ကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းများ အ ကောင်အထည်ဖော်ခြင်း၊ ရပ်ရွာ အခြေပြု ကျန်းမာရေးလုပ်ငန်းများ နှင့် ရေနှင့်သန့်ရှင်းရေးလုပ်ငန်းများ ပိုမိုအားကောင်းလာအောင် ပါဝင်ပြုလုပ်ကြရန် လိုအပ်ကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။
ထိုသို့ ဘက်ပေါင်းစုံက ဆောင်ရွက်မှသာ မြန်မာကလေးများမှာ ရက်တစ်ထောင်ကာလအတွင်း အာဟာရပြည့်ဝစွာရရှိပြီး ရောဂါဘယကင်းဝေးခြင်းတို့ကြောင့် ပုညှက်နှုန်းမှာလည်း အလိုလိုလျော့ကျလာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၄ တွင် ကမ္ဘာလုံးဆိုင်ရာ အာဟာရ မြှင့်တင်ရေးလှုပ်ရှားမှု၌ ပါဝင်ဆောင်ရွက်ခဲ့ပြီး အစိုးရသစ်လက်ထက်၌ အရပ်ပုညှက်နေသည့် အာဟာရပြဿနာကို ဦးစားပေး၍ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ကလေးငယ်၏ ကနဦး ရက်တစ်ထောင်ကာလတွင် ဆောင်ရွက်ပေးမည့် နိုင်ငံတော်အစိုးရ၏ အာဟာရမြှင့်တင်ရေး လုပ်ငန်းများသည် အမှန်တကယ် အရပ်ပုညှက်နှုန်း လျှော့ချနိုင်ခြင်း ရှိ၊မရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
http://www.7daydaily.com/story/70013
No comments:
Post a Comment