အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Friday, February 26, 2016
၆-လပြည့်တဲ့ ကလေးတစ်ယောက်ကို ဘယ်အစာတွေ ဘယ်လိုစကျွေးရမလဲ?
ကလေး အသက် ၆-လပြည့်မှ ဘာကြောင့် အစာစကျွေးရတာလဲ?
မွေးစက အသက် ၆-လပြည့်အထိ ကလေးလိုအပ်သော စွမ်းအင်အပြည့်အဝကို မိခင်နို့က ပေးစွမ်းနိုင်သည်။ ထို့ကြောင့် အခြားမည်သည့်အစာ၊ရေမျှ တိုက်ကျွေးရန် မလိုအပ်ခဲ့ပါ။
၆-လ မှ ၁၂-လအထိ ကလေးလိုအပ်သော စွမ်းအင်တစ်ဝက်ကို မိခင်နို့ကပေးစွမ်းနိုင်သည်။ ကျန်လိုအပ်ချက် တစ်ဝက်ကို ဖြည့်ဖို့ ဖြည့်စွက်အစာများ စတင်ကျွေးရခြင်းဖြစ်ပါသည်။
၁၂-လမှ ၂၄-လ အထိကလေးလိုအပ်သော စွမ်းအင်သုံးပုံတစ်ပုံခန့်ကို မိခင်နို့က ပေးစွမ်းနိုင်ရာ ကျန်လိုအပ် ချက်များကို ဖြည့်စွက်အစာများ ကျွေးခြင်းဖြင့် ဖြည့်ရပါသည်။ ဖြည့်စွက်စာနှင့်အတူ မိခင်နို့ကိုလည်း ဆက်လက် တိုက်ကျွေးမှသာ ကလေးလိုအပ်သော စွမ်းအင်အပြည့်အဝကို ရရှိမည်ဖြစ်ပါသည်။
၆-လပြည့်တဲ့ ကလေးတစ်ယောက်ကို ဘယ်အစာတွေ ဘယ်လိုစကျွေးရမလဲ?
နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။ မိခင်နို့ကို ဦးစွာတိုက်ပြီးမှ ဖြည့်စွက်စာ ကျွေးပါ။
၆-လပြည့်ပြည့်ချင်း တစ်နေ့ဘယ်နှစ်ကြိမ် ကျွေးမလဲ?
တစ်နေ့နှစ်ကြိမ် ကျွေးပါ။
ပမာဏဘယ်လောက်များများ ကျွေးမလဲ?
တစ်ကြိမ်ကျွေးလျှင် ထမင်းစားဇွန်း ၃ ဇွန်း ကျွေးပါ။ တစ်ပတ်နှစ်ပတ်အတွင်း ၆-၉ လအရွယ် ဖြည့်စွက်စာ ကျွေးသကဲ့သို့ တစ်ကြိမ်ကျွေးလျှင် ၂၅၀ မီလီလီတာဆန့် ပန်းကန်လုံးတစ်ဝက် ကျွေးနိုင်ပါသည်။
ဘယ်လောက်အပျစ်အကျဲ ရှိရမလဲ?
လက်နှင့်ကိုင်ကျွေးနိုင်လောက်အောင် ပျစ်ရမည်။ ကျဲလွန်းလျှင် အာဟာရပါဝင်မှုနည်းသွားနိုင်သည်။
ဘာတွေကျွေးမလဲ?
ဆန်ပြုတ်၊ ခြေထားသောအာလူးပြုတ်၊ ခြေထားသော ငှက်ပျောသီးနှင့် စတင်ပါ။
သန့်ရှင်းမှု
ကလေးအတွက် အစာမပြင်ဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ။ မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင်ဆေးပါ။ သန့်ရှင်းသော ပန်းကန်၊ ခွက်တို့ဖြင့် အစာကျွေးပါ။ ရေ၊ အရည်တိုက်ပါ။ ကလေးစားမည့်အစာများကို သန့်ရှင်းလုံခြုံသောနေရာတွင် သိမ်းဆည်းပါ။
ကလေးအသက် ၆-၉ လအတွင်း ဘယ်လိုဆက်ကျွေးမလဲ?
နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။ မိခင်နို့ကို ဦးစွာတိုက်ပြီးမှ ဖြည့်စွက်စာ ကျွေးပါ။
ကလေးအသက် ၆-၉ လအတွင်း ဘယ်နှစ်ကြိမ်ကျွေးမလဲ?
တစ်နေ့ (၃) ကြိမ်ကျွေးပါ။ သွားရည်စာ (သစ်သီး) တစ်ကြိမ်ကျွေးပါ။
ကလေးအသက် ၆-၉ လအတွင်း ပမာဏဘယ်လောက်များများ ကျွေးမလဲ?
တစ်ကြိမ်ကျွေးလျှင် ၂၅၀ မီလီလီတာဆန့် ပန်းကန်လုံးတစ်ဝက် ကျွေးပါ။ ကလေးကုန်အောင် စားနိုင်မစားနိုင်သိရှိရန် သီးသန့်ပန်းကန်ဖြင့် ကျွေးပါ။
ကလေးအသက် ၆-၉ လအတွင်း ဘယ်လောက်အပျစ်အကျဲ ရှိရမလဲ?
ခြေထားသောအာလူးပြုတ်၊ ဆန်ပြုတ်ပျစ်ပျစ် ကဲ့သို့
ဘာတွေကျွေးမလဲ?
တစ်ကြိမ်ကျွေးတိုင်း အစာအုပ်စုအားလုံးပါဝင်အောင် ကျွေးရမည်။
အစာများကို ကြယ်လေးပွင့် အစာများဖြစ်အောင် ပေါင်းစပ်ကျွေးပါ။ ကြယ်လေးပွင့်ကတော့-
(ကြယ်တစ်ပွင့်) အခြေခံအစာ (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး)
(ကြယ်တစ်ပွင့်) တိရစ္ဆာန်ကရသော အစာများ (ကြက်၊ ငါး၊ အသည်း၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ)။ တိရစ္ဆာန်ကရသော အစာများသည် ပထမတန်းစားအသားဓာတ်ဖြစ်သည်။ ကျက်အောင်ချက်ပါ။ နူးအောင်ချက်ပါ။ နုပ်နုပ်စဉ်းပါ။ ကြေညှက်နေအောင်ချေပါ။ အရိုးမပါအောင် သေချာနွှင်ပါ။
(ကြယ်တစ်ပွင့်) ပဲအမျိုးမျိုး (ပဲနီလေး၊ ပဲကြီး၊ ကုလားပဲ၊ မြေပဲ)၊ အစေ့အဆံများ (နှမ်း)။ ပဲအမျိုးမျိုးသည် ဒုတိယတန်းစား အသားဓာတ်ဖြစ်သည်။
(ကြယ်တစ်ပွင့်) ဗီတာမင်အေကြွယ်ဝသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ (သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ပင်မှည့်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အရွက်များ၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥ၊ ရွှေဖရုံသီး)။ အခြားသစ်သီးနှင့် ဟင်းသီးဟင်းရွက်များ (ငှက်ပျောသီး၊ ဖရဲသီး၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ခရမ်းသီး၊ ဂေါ်ဖီ)
ဆီတစ်မျိုးမျိုး- တစ်နေ့လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ကျွေးပါ။
ဟင်းချက်ရာတွင် အိုင်အိုဒင်းဆား သုံးပါ။
ဘာတွေမကျွေးရဘူးလဲ?
အချိုရည်၊ ဘီစကစ်မုန့်ချိုများ မတိ်ုက်ကျွေးပါနှင့်။
ဘယ်လိုကျွေးရမလဲ?
ကလေးစားချင်အောင် စိတ်ပါလက်ပါတက်ကြွစွာ ကျွေးပါ။ ချော့မြှူကျွေးပါ။
သန့်ရှင်းမှု
ကလေးအတွက် အစာမပြင်ဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ။ မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင်ဆေးပါ။ သန့်ရှင်းသော ပန်းကန်၊ ခွက်တို့ဖြင့် အစာကျွေးပါ။ ရေ၊ အရည်တိုက်ပါ။ ကလေးစားမည့်အစာများကို သန့်ရှင်းလုံခြုံသောနေရာတွင် သိမ်းဆည်းပါ။
References:
လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမ်အာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment