ကိုယ်တို့ နေထိုင်ရာလူမှုဝန်းကျင်မှာ တစ်နေ့ထက်တစ်နေ့ အစပ်အဟပ် မတည့်
ဖြစ်ဖြစ် လာတဲ့ကြော်ငြာကိစ္စ.....မနေနိုင်လို့ရေးမိပါတယ်။ လူတတ်
ကြီးလည်းမဟုတ်....။ ပညာရှင်လည်းမဟုတ်ပါ......။
စားသုံးသူရဲ့အကြံပြုချက်...Customer Feedback သက်သက်မျှသာဖြစ်ပါ တယ်..။
ဘယ်ပြိုင်ဘက် ကုမ္မဏီမှာမှ အလုပ်လုပ်သူမဟုတ်...။ ကိုယ်ဟာသာမန်
အိမ်ထောင်ရှင်မ တစ်ဦးမျှသာဖြစ်ပါတယ်......။ တစ်နေ့က မရောက်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆီသွား လည်ပါတယ်..။ သူ့အိမ်ရောက်သွားတော့သူကအိမ်မှာမရှိ။ တွေ့ချင်ရင်
ဆေးဆိုင်ကို လိုက်သွားဆိုလို့ ဆိုင်ကိုထွက်လာခဲ့ တယ်။ သူက ဈေးထဲမှာ
နိုင်ငံခြားဆေးနှင့် တိုင်းရင်းဆေး မျိုးစုံ အရောင်းဆိုင် ဖွင့်ထားတဲ့သူပါ။
သူ့ဆိုင်က အကြီးစားကြီးမဟုတ်ပေမယ့် ဆေးတော်တော် များများစုံတဲ့ဆိုင်..။
ကိုယ့်ကိုမြင်တော့ သူကအံ့သြ၀မ်းသာဖြစ်နေခဲ့တယ်။ ရှေးဟောင်းနှောင်း
ဖြစ်တွေပြောဖြစ်ကြရင်း ဆိုင်အခြေအနေဘယ်လိုလဲမေးတော့ ရပ်ကွက်ထဲမှာ
လက်လုပ်လက်စားတွေများတော့ ရောင်းကောင်းပါတယ် လို့ဆိုတယ်။ ဒါပေမယ့်
သူ့ဆိုင်မှာ စပ်ဆေး လုံးဝ မရောင်းဘူးလို့ပြောတယ်။
ရပ်ကွက်ထဲက
ဆေးခန်းကိုပဲ ညွှန်းပေးတယ်တဲ့..။ ကိုယ်တောင် သူ့ကို ချီးကျူးပါတယ်ဟယ်
လို့ပြောလိုက်သေးတယ်..။ ကိုယ့်အကျိုးစီးပွားတစ်ခုတည်း အတွက်
မသိနားမလည်တဲ့သူတွေကို လှည့်ဖျားပြီး ဆိုးကျိုးဖြစ်စေတာကို မသမာခြင်းလို့
ပြောရမှာပါပဲ..။ " ကိုယ်ရောင်းကောင်းမှာကိုပဲ မကြည့်နဲ့ ၀ယ် သူတစ်ဖက်သားမှာ
ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်သွားမလဲဆိုတာကို အမြဲ
တမ်းထည့်တွေးပေးရမယ်....အဲဒါကို
စေတနာလို့ခေါ်တယ်...စေတနာဟာအကျိုးပေးမြန်ပါတယ်ဟယ်." ကိုယ်ကသူုငယ်ချင်းကို
ဆရာကြီးလုပ်လိုက်သေး သည်။ သူငယ်ချင်း က " ငါသိပါတယ် ဆရာမကြီးရယ် " လို့
ရယ်ကျဲကျဲလုပ်ပြီး
ကိုယ့်ကိုပြန်ပြောတယ်...။
ကိုယ်တို့သူငယ်ချင်းနှစ်ယောက် စကားကောင်းနေတုန်း ဈေးဝယ်သူ ရောက်
လာတာကြောင့် စကားစ ပြတ်သွားကြတယ်။
" ဘရင်း ကြက်ပေါင်းရည် ရှိလား "
" ရှိတယ် ဦးလေး "
" ဘယ်လောက်လဲ တူမ"
" တစ်ပုလင်း ကို ၁၂၀၀ ပါ "
" ဟေ ...ဟုတ်လား "
လူကြီးက ခါးပိုက်ထောင်ထဲမှာ လုံးထွေးထည့်လာတဲ့ ၅၀ တန်၁၀၀ တန် အစ ရှိတဲ့
တွန့်လိမ် ကောက်ကွေးနေတဲ့ ပိုက်ဆံ အနွမ်းတွေကို တစ်လိပ် ချင်း ဖြန့်ပြီး
ရေတွက်နေ တယ်။ လူကြီးရဲ့ ခါးထက်မှာ သုံးနှစ်အရွယ် လောက်ရှိ
မယ့်ကလေးတစ်ယောက်က နှပ်ချေးတွဲလောင်းကျ နှင့် အဖေကို ဂျီကျနေဟန် ရှိတယ်။
မျက်လုံးမှာ မျက်ရည်တွေဝဲလို့ မျက်နှာက ငိုမဲ့မဲ့ တရှုံ့ရှုံ့နှင့် လုပ်ကာ
နှပ်တွေကိုနှာခေါင်းထဲသို့ ပြန်ငင်သွင်းနေသည်။
လူကြီးရဲ့ဘေးမှာ ကလေး
နှစ်ယောက်က ပုဆိုးစကိုဆွဲလို့ မတ်တပ်ရပ်နေကြတယ်။ တစ်ယောက်က အသက် ငါးနှစ်
လောက်ရှိမယ်...။ နောက်တစ်ယောက်က ရှစ်နှစ်လောက်ရှိမလား မပြောတတ်..။ ဖြူ
စိမ်း ကျောင်းဝတ် စုံ နွမ်းဖတ်ဖတ်တွေ ၀တ်လို့ မျက်နှာတွေ ကညှိုးငယ်နေကြတယ်.။
ကိုယ့်သူငယ်ချင်းက လူကြီးကို
" အဘ ဆိုက်ကားသိမ်းလာပြီလား "
" အေး တူမကြီးရယ် ဒီနှစ်ကောင် ကိုကျောင်းကြိုပြီး အိမ်ပြန်မလို့ သူတို့အမေ နေလို့သိပ်မကောင်းလို့ အငယ်မလေး ပါဦးထိန်းနေရတယ် "
ပြောပြောဆိုဆိုလူကြီးက သူ့ပိုက်ဆံ အနွမ်းအလိပ်တွေကို ကိုယ့်သူငယ်ချင်း ကိုပေးပြီး " လက်မအားလို့ တူမပဲရေကြည့်လိုက်ပါ" လို့ပြောတယ်။
သူငယ်ချင်းကရေကြည့်ပြီး " ၁၁၅၀ ပဲရှိတယ်ဦးလေး ၅၀ လိုနေတယ် " ဆိုတော့
"နောက်နေ့ ဆိုက်ကားထွက်ရင် ဦးလေးပေးပါ့မယ် တူမရယ် ၅၀ ကိုအကြွေး မှတ်ထားလိုက် နော "
" ရတယ် ဦးလေး...ကျန်တာနောက်နေ့မှပေး...ဒါက ဘယ်သူသောက်မှာလဲ ဦးလေးသောက်ဖို့လား "
" မဟုတ်ဘူး...အိမ်မှာ ဒီနှစ်ဆယ်တန်းဖြေမယ့်တစ်ကောင်ရှိတယ်...နှစ်ချင်း
ပေါက်အောင်ရင်လည်း အောင်ပါစေဆိုပြီးတော့ ဆေးတိုက်မလို့တူမရယ်...
ကျရင်နောက်နှစ်မထားနိုင်တော့ဘူး.....ပိုက်ဆံရှိတယ်တော့မဟုတ်ဘူးပေါ့..
ဦးတို့တနေ့လုပ်တနေ့စားလူတွေမှာ အပိုအလျှံဘယ်မှာရှိမလဲ....ဒါပေမယ့်
လည်းစွန့်စားရတာပေါ့....အဲဒီအကြီးကောင်ကို ဆယ်တန်းဖြေခါနီး ဂရုစိုက်
နေရတော့ ဒီအငယ်တွေကိုတောင် အဟာရရှိတာတွေ မကျွေးနိုင်တာ
ကြာပါပြီတူမရယ်...."
ကိုယ်က မနေနိုင် မထိုင်နိုင်ဝင်မေးလိုက်တယ်။
" ဦးလေးသားကို ဒီဆေးဘယ်သူက တိုက်ခိုင်းတာလဲ.. "
" အိမ်က မိန်းမက မှာလိုက်လို့ ...ညညကျရင်တီဗွီမှာကြေငြာတယ် ပြောတာပဲ
ကျောင်းသား ဥာဏ်ကောင်း အောင်လို့ စာမေးပွဲမဖြေမချင်းတိုက်ရမယ်လို့
ပြောတယ်..။ ခါတိုင်းရက်တွေသူပဲဝယ်တာ..။ ဒီနေ့သူနေမကောင်းလို့ ဦးလေး
ဝယ်ရတာ တူမကြီးရေ ..."
ကိုယ် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်..။ ဒါကြောင့် သူငယ်ချင်းမျက်နှာ ကိုပင် မထောက်တော့ပဲ ထိုဦးလေးကိုပြောလိုက်တယ်။
" ဦးလေးရေ ငွေ ထောင့်နှစ်ရာဆိုတာ တစ်အိမ် လုံးစားလောက်တဲ့ အရသာ
ရှိတဲ့ဟင်းတစ်ခွက်ရတယ်....ဥိးလေးသားကိုအာဟာရ ပြည့်အောင်သာကျွေး ပါ သူ့ဘာသာ
စာကြိုးစားရင်အောင်နိုင်ပါတယ်...ကျန်တဲ့ကလေးတွေလည်း
အာဟာရမပြတ်တော့ဘူးပေါ့....ဒီလိုမျိုးဆေးတွေဆိုတာ..အပိုဆောင်းအနေ
နဲ့ကျွေးကြတာ...အဓိကက မနက်တစ်ကြိမ် ညနေတစ်ကြိမ်စားနေကျထမင်း ၀ိုင်းမှာ အရသာ
ရှိတာတွေကျွေးနိုင်ဖို့ပဲ အားထုတ်ပါ ...........တတ်နိုင်သူတွေအတွက်ကတော့
ထားပါတော့.....ဦးလေးတို့က ငွေကို
တိုင်းတာပြီးသုံးနေရတယ်ဆိုရင်...ဒီလိုမျိုးဆေးတွေဝယ်တိုက်ပြီးပိုက်ဆံကုန်ကျ
နေမှာထက်စာရင်..အိမ်မှာ ဟင်းသီးဟင်းရွက်နဲ့ ငါးတွေကို သန့်သန့်ရှင်းရှင်း
လုပ်ပြီး ချက်ပြုတ်ကျွေးရင် အာဟာရတန်ဖိုးကအတူတူပဲဦးလေးရဲ့...တစ်
ယောက်တည်းအတွက်မဟုတ်ဘူး..တစ်မိသားစုလုံးအတွက်လုံလောက်တယ်"
" အေးပါ အေးပါတူမရယ်...ပြောပြပေးတာကျေးဇူးလည်းတင်ပါတယ်ဒါမေမယ့်..ဒီဆေးမပါရင် မင်းတို့အဒေါ်က ငါ့ကိုဆူလိမ့်မယ်...သွားဦးမယ်..."
ပြောပြောဆိုဆို ဦးလေးကြီးက သူ့သားသမီးတွေခေါ်ပြီး ဆိုက်ကားလေးနင်း
ကာထွက်သွားလေရဲ့။ ကိုယ့်မှာသူငယ်ချင်းကိုမျက်နှာပူပူနဲ့ပင် "
နင့်ဆိုင်ရောင်း
မကောင်းအောင်လုပ်နေတာမဟုတ်ပါဘူးဟယ်.."
လို့ပြောမိတော့...။ ဘာမှ မဖြစ်ပါဘူး..ငါဆိုရင်လည်းပြောမိမှာပဲ လို့
ပြန်ပြောရှာတယ်။ ဟုတ်တယ် ကိုယ့်
သူငယ်ချင်းရဲ့ဆိုင်မှာ ဆေးတွေကို သိပ်အများကြီး ဈေးမမြှင့်ထားတာလည်း
တွေ့ရတယ်။ ကိုယ်က ချီးကျူးပါတယ်ဟယ်လို့ သူငယ်ချင်းကိုပြောတော့ သူက
ရယ်သွမ်းသွေးလျက် " သိပ်လည်းချီးကျူးမနေနဲ့ဟဲ့ ငါ့ဆိုင်ကဆေးတွေဈေး အများကြီးမြှင့်ထားရင် ဒီရပ်ကွက်ထဲကလူတွေ ဘယ်သူမှလာဝယ်တော့မှာ
မဟုတ်လို့ဟဲ့ သိရဲ့လား..." လို့ပြောတယ်။
ကိုယ်က ခုနက ဦးလေးတို့မိသားစုကို စိတ်မကောင်းကြောင်းပြောတော့ သူတို့
လိုမိသားစုတွေ ဒီရပ်ကွက်မှာအများကြီးပေါ့..နင်သနားလို့ကုန်မှာမဟုတ်တော့
ဘူးတဲ့။ တီဗွီမှာကြေငြာတာဆို တကူးတက အထွတ်အမြတ်ထားပြီးလာဝယ်
ကြတော့တာပဲ....သူတို့ကတီဗွီမှာကြေငြာတဲ့ အတိုင်းတသွေမတိမ်း အကျိုးခံ
စားရမယ်လို့ယုံကြတယ်...တီဗွီမှာကြေငြာတာကို သောက်ရစားရတယ်ဆိုပြီး
တမျိုးဂုဏ်ယူချင်ကြတယ်လေ..။
အေးပေါ့...သူတို့မှာလည်း အပန်းဖြေစရာဆို လို့ ညကျတီဗွီရှေ့ထိုင်ကြည့်ပြီး မိသားစုစုံညီဝိုင်းဖွဲ့ရတာတစ်ခုပဲရှိတာလေ..။
စာဖတ်ချိန်ဆိုတာလည်း မရှိတတ်..တချို့ကျတော့လည်း စာမဖတ်တတ်တာ
တွေကြောင့်သူတို့အတွက် ဗဟုသုတရ စရာဆိုလို့ ပြည်တွင်းမှာလွှင့်နေတဲ့
အခမဲ့တီဗွီလိုင်းတွေပဲရှိတယ်။ ဟုတ်တာပေါ့...ကိုယ်လို တအောင့်လေး အချိန်
ယူပြီး တခွန်းနှစ်ခွန်းပြောလိုက်ရုံနဲ့သူတို့နားထဲစွဲမလား။
ကျိုးကြောင်းခွဲခြား နိုင်
ပါ့မလား။
တီဗွီမှာကြော်ငြာတယ်ဆိုတာက ပြည်သူက ချစ်တဲ့မင်းသားမင်းသမီး
တွေကိုလည်း အသုံးပြုထားတယ်။ ကိုးရီးယားကား အခန်းဆက် တစ်ပိုင်း
ကြည့်ရုံနဲ့တင်အလားတူကြော်ငြာကို ငါးကြိမ် ခြောက်ကြိမ်တွေ့ရနိုင်တာလေ။
ဘုရားရှိခိုးသာမရတာ တီဗွီကြော်ငြာစာသားတော့ အလွတ်လိုက်ဆိုနိုင်တဲ့
ရပ်ကွက်ထဲက အဖွားကြီးတွေမှအများကြီး။ ပြီးတော့ ကြော်ငြာတဲ့ပစ္စည်းတွေ
မှာလည်း ဘေးထွက်ဆိုးကျိုးတွေဆိုတာတစ်ခုမှ မတွေ့ရ မကြားရဘူး။
အားလုံးအကောင်းတွေချည်းပဲ။ ဒါကြောင့် ကြေငြာတဲ့ပစ္စည်းတွေဟာ နေ့ချင်း
ညချင်းမှာပဲ အခြေခံလူတန်းစားတွေကို စည်းရုံးသိမ်းသွင်းလာနိုင်ကြတယ်။
အရောင်းဆိုင်တွေကလည်း ကြေငြာတဲ့ပစ္စည်းတွေဟာ အရောင်းသွက်တာ
ကြောင့်ဆိုင်မှာ အလေးထားရောင်းတတ်ကြတယ်။
ဒါကြောင့် ကိုယ်တို့လူမှုအဆောက်အအုံအသိုင်းအ၀ိုင်းမှာ ကြော်ငြာ ရေစီး
ကြောင်းဟာ တဟုန်ထိုးစီးဆင်းမြင့်တက်လာနေတယ်။ စီးပွားရေးလုပ်ငန်း
ရှင်တွေဟာစက္ကန့်ပိုင်းလောက်ကြော်ငြာတစ်ကွက်စာအတွက်ငွေ သိန်း ဆယ်ဂဏန်း ပေးနေရတဲ့ခေတ်ဖြစ်တယ်။ ဒီအတွက် လုပ်ငန်းရှင်တွေက သူတို့
ကုန်ပစ္စည်းကြော်ငြာကို အချိန်တိုအတွင်း ထိထိမိမိနဲ့ လူထုပါးစပ်ဖျားမှာစွဲသွား
စေဖို့ ကြိုးပမ်းအားထုတ်လာကြတယ်။ ဒီအထိ လုပ်ငန်းရှင်တွေဘက်ကို နားလည်တယ်။ ဒါပေမယ့် တဟုန်ထိုးစီးဆင်းနေတဲ့ ကြော်ငြာရေစီးကြောင်း
ကြောင့် ကမ်းပါးနဲ့တူတဲ့ စားသုံးသူ လူထုကို တိုက်စားဖြိုချသလိုတော့ မဖြစ် စေချင်ပါ။
ကိုယ်ဟာလေ့လာမှုအားနည်းသူတစ်ယောက်ဖြစ်တာကြောင့် ကြော်ငြာတစ်ခုရဲ့
အဆင့်ဆင့် ဆောင်ရွက်ရပုံတွေကို မသိပါ။ ပါမစ်တင်တဲ့အကြောင်း၊ ခွင့်
ပြုမိန့်ကို ဘယ်ဌါနက ချမှတ်ရကြောင်းလည်းမသိပါ။ ရုပ်ရှင်ကားတွေမှာတော့
ဆင်ဆာကော်မတီဆိုတာရှိကြောင်းသိရတယ်။ဒါပေမယ့် ကြော်ငြာမှာဆင်ဆာ
ကော်မတီရှိမရှိမသိ။ ကိုယ်တို့ မြန်မာနိုင်ငံမှာ အစားအသောက်နှင့်ဆေးဝါး
ကွပ်ကဲရေးဦးစီးဌါန နှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးနှင့် ပညာပေးရေး
အသင်းတို့ဟာစားသုံးသူအန္တရာယ်ကင်းရှင်းစေရေးရှေးရှုကာအရှိန်အဟုန်မြှင့်
စွမ်းစွမ်းတမံ ဆောင်ရွက်လာနေတဲ့အကြောင်းလူမှုကွန်ယက်တွေ၊ သတင်းမီဒီ
ယာတွေ၊ ဂျာနယ် တွေမှာတွေ့ရပါတယ်။ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓါတုဗေဒ
အသုံးပြုထားတဲ့ စားသောက်ကုန်တွေအကြောင်း စာရင်းပြုစုထုတ်ပြန်ပေးတဲ့
ဌါနဖြစ်တယ်။ အင်မတန်လည်းအသုံးဝင်ပါတယ်။ သို့သော် ကြော်ငြာနှင့် ပတ်သက်ပြီး
ကွပ်ကဲတာမျိုးကိုတော့ကိုယ်တိုင်က ဥာဏ်မမှီတာကြောင့် မကြားမိ။ မသိ။
ကိုယ့်အထင်ကြော်ငြာတစ်ခု ဖြန့်ချီတော့မယ်ဆိုရင် ကြော်ငြာရိုက်တဲ့သရုပ်
ဆောင် ၊ (ဒါရိုက်တာ)၊ ထုတ်လုပ်သူ နှင့် ထုတ်လွှင့်ပြသမယ့် ရုပ်သံလိုင်း တွေ
ပေါ်မှာအဓိကတာဝန်ရှိတယ်လို့မြင်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ကိုယ် ကြော်ငြာမယ့်ပစ္စည်းကဘယ်လောက်အထိ လူထုအပေါ်အကျိုးပြုမယ့်ပစ္စည်း လဲအရင်စဉ်းစားစေချင်တယ်။ ပစ္စည်းရဲ့
ပကတိ အစွမ်းသတ္တိ၊ အကျိုးကျေးဇူးကဘာလဲ၊ ဆိုးကျိုးဖြစ်စေမယ့်အာနိသင်
များသလား၊ ဒါကိုကိုယ်တိုင်အရင်ခွဲခြမ်းစိတ်ဖြာပြီးရွေးချယ်သင့်တယ်။
လူထုကိုတကယ်အကျိုးပြုမယ့်ပစ္စည်းကောင်းတစ်ခုမို့လို့ရွေးချယ်ခဲ့ရင်တောင်
ဘယ်လိုပုံစံနဲ့ကြော်ငြာရမှာလဲ၊ ပေးရမယ့် သတင်းစကားကဘာလဲ ၊ Over message
တွေပေးရမှာလား(ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောရမှာလား)၊
ဒီလိုပြောလိုက်ခြင်းအားဖြင့် စားသုံးသူလူထု (တနည်းအားဖြင့် သူ့ရဲ့ပရိတ် သတ်) မှာဘယ်လိုသက်ရောက်မှုတွေဖြစ်သွားနိုင်သလဲ၊ ဦးတည်အုပ်စုက
ဘယ်သူတွေလဲ၊ ကုန်ပစ္စည်းနဲ့ ဦးတည်အုပ်စုနဲ့ အံကိုက်ဖြစ်ရဲ့လား၊ မှားယွင်း
တဲ့ဦးတည်အုပ်စုကိုရွေးချယ်မိသွားရင် နောက်ဆက်တွဲ အကျိုးဆက်က ဘာ
တွေဖြစ်လာနိုင်မလဲ သေချာစဉ်းစားပြီးမှကြော်ငြာတစ်ခုကိုလက်ခံစေချင်တယ်။
ဘာဖြစ်လို့လဲဆိုရင် သရုပ်ဆောင်တွေဆိုတာ ပြည်သူတွေရဲ့စံပြဖြစ်လို့ပါပဲ။
နောက်တစ်ခုက ထုတ်လုပ်သူ (စီးပွားရေးလုပ်ငန်းရှင်)တွေအနေနဲ့လည်း
ကြော်ငြာတစ်ခုကို ဖန်တီးပြီဆိုရင် ကိုယ့်ရဲ့ကုန်ပစ္စည်းပေါက်အောင်ကြော်ငြာ
ရမှာလည်းဖြစ်သလို စားသုံးသူလူထုကို အမြဲတမ်း တန်ဖိုးထားထည့်တွက်
စေချင်တယ်။ Customer value တို့ Customer is always right တို့ဆိုတာ
ကုမ္မဏီတိုင်းလိုလို ဆိုင်တိုင်းလိုလိုမှာ ချိတ်ဆွဲထားတာမြင်နေရတာပါပဲ။
ဒါပေမယ့် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းမှာသာ သုံးရမှာမဟုတ်။ ကြော်ငြာ
ကဏ္ဍမှာလည်းဒါကိုထည့်တွက်ရပါမယ်။ လုပ်ငန်းရှင်တွေဟာ ကိုယ့်ရဲ့ကုန်
ပစ္စည်းအတွက် ဦးတည်အုပ်စုကို အမြဲတမ်းသိထားကြပြီးသားပါ။ ပညာရှင်
တွေကိုး။ ဒါပေမယ့်ကိုယ်ရည်ရွယ်ထားတဲ့ ဦးတည်အုပ်စုကို ပေးမယ့်သတင်း
စကားနဲ့ အစွမ်းသတ္တိတွေကို ထုတ်ဖော်ကြေငြာတော့မယ့်အခါ လူထုမထိခိုက်
ရေးကိုအရင်ဦးစားပေးရွေးချယ်စေချင်တယ်။
တချို့ပိုးသတ်ဆေး၊ရွက်ဖြန်းမြေသြဇာတို့ကြော်ငြာတွေမှာသရုပ်ဆောင်က
ဆေးဖျန်းဟန် ပြတဲ့အခါ နှာခေါင်းစီးနှင့် လက်အိတ်တွေ စွပ်ပြထားတာ မတွေ့ ရဘူး။ ကိုယ်ပေးလိုက်တာ wrong message ဒါမှမဟုတ် overmessage
တွေပေးမိရင်၊ ကိုယ့်ကုန်ပစ္စည်းရဲ့ ဘေးထွက်ဆိုးကျိုးကို ပြတ်ပြတ်သားသား
သတိမပေးခဲ့ရင်
နောက်ဆက်တွဲအကျိုးဆက်တွေဟာဘယ်လိုရှိလာနိုင်တယ်ဆိုတာကြိုတင်တွက်ဆထားစေချင်တယ်။အထက်ကပြောခဲ့သလိုပါပဲ။
စေတနာဆိုတာအကျိုးပေးမြန်ပါတယ်။
နောက်ဆုံးအနေနဲ့က ထုတ်လွှင့်ပြသမယ့် ရုပ်သံလိုင်းကတာဝန်ခံတွေပါ။ လွှင့်
ပေးရမယ့် ပစ္စည်းက ခွင့်ပြုမိန့်ရပစ္စည်းဟုတ်မဟုတ် နှင့်
ကောင်းကျိုးဆိုးကျိုး စတာတွေကို ပြန်လည်သုံးသပ်ဆင်ခြင်စေချင်ပါတယ်။
ရုပ်သံလိုင်းတွေရဲ့ စစ် တမ်းကောက်ယူချက်အရ လူတွေဟာ ည ၇ နာရီကနေ ၉
နာရီအတွင်းတီဗွီ ကြည့်ရှုမှုအများဆုံးလို့ဆိုတယ်။
အပြင်ထွက်အလုပ်လုပ်သူတွေအဖို့ ဒီအချိန်
လေးပဲ နားချိန်ရှိတာကိုး။
ဒါကိုအခွင့်ကောင်းယူပြီး တချို့သောအခမဲ့
ရုပ်သံလိုင်းတွေကကိုးရီးယားကားအပိုင်းကလေးတစ်ပိုင်းနာရီဝက်စာပြပါတယ်။
ကြော်ငြာက တစ်နာရီခွဲ အချိန်ယူပြီးပြတယ်။ လူထုကို အင်မတန် နိုင်ထက်စီး
နင်းလုပ်ပါတယ်။ ကြော်ငြာတွေဆိုတာထပ်တလဲလဲ။ ဒါပြီးရင်းဒါ။ တစ်ခါက အသိ အစ်မတစ်ယောက်ပြောတာကြားဖူးတယ်။ ကြော်ငြာတာ လွန်လွန်းလာ
တော့ အမြင်ကပ်ပြီး ကြော်ငြာတာကိုမသုံးတော့ဘူးတဲ့လေ။ ဒါကရွေးချယ်ခွင့်
ရှိတဲ့သူမျိုးမို့လို့ပါ။ မြန်မာပြည်မှာ ရွေးချယ်ခွင့် မရှိတဲ့လူတန်းစားတွေ အများကြီး
ရှိနေတယ်ဆိုတာ သတိရစေချင်ပါတယ်။
အထက်က ဘရင်း အားဆေးရည်အကြောင်း ဦးလေးကြီးဆီက သိခဲ့ရတာကြောင့် အိမ်ပြန်ရောက်တော့ အသေအချာကြည့်ဖြစ်ပါတယ်။
ကြော်ငြာတဲ့မင်းသားက လူထုကချစ်ခင်အားပေးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်ပါ။
ချောလည်းချောပါတယ်။ အနောက်တိုင်းဝတ်စုံဝတ်ထားတာ စတိုင်လည်းကျ
ပါတယ်။ ဆယ်ကျော်သက်လူငယ်လေးတွေ တမ်းတမ်းစွဲတဲ့ အဆိုတော်မင်း
သားပေါ့။ ကုန်ပစ္စည်းရဲ့ ဦးတည်အုပ်စုကလည်းဆယ်ကျော်သက်ကျောင်းသား
လူငယ်တွေကို ဦးတည်ထားတာကြောင့် Actor နဲ့ target အလွန်ကိုက်
ညီမှုရှိပါတယ်။ ဒါပေမယ့် တစ်ခုတော့ပြောစရာရှိပါတယ်။ ဘရင်းကိုမသောက်
တဲ့ကလေးတွေဟာပဲ ဥာဏ်မကောင်း စာမတော်တော့ပဲ
စာမေးပွဲကျတော့မယ့်အခြေအနေအဖြစ်ဖန်တီးထားပါတယ်။ကိုယ့်ရဲ့ကုန်ပစ္စည်းကောင်းကြောင်းကိုကြေငြာပါ၊
ဒါပေမယ့် ဒီကုန်ပစ္စည်းကိုမှမသုံးရင် ဘာ ဖြစ်မယ်ညာဖြစ်မယ်ဆိုတဲ့ အယူအဆပါတဲ့
စကားအသုံးအနှုန်းဖြစ်စေ အပြု အမူဖြစ်စေ မပါသင့်ဘူး။
ဒါကိုကြည့်ပြီးမသိနားမလည် သူတွေအတွက် မှားယွင်းတဲ့
သတင်းစကားကိုပေးမိလိုက်သလိုမျိုးသဘောသက်ရောက်စေပါ
တယ်။ပြီးတော့အုပ်စုနှစ်စုခွဲထားတဲ့အခါအဖြူအစိမ်းဝတ်ကျောင်းသား ကျောင်းသူ
အုပ်စုကို ရှုံးနိမ့်သူ ဥာဏ်တုံးအုပ်စုအဖြစ်သုံးထားတာပါပဲ။
ဘရင်းအရောင်ဝတ်ထားတဲ့ အဖွဲ့ကတော့အနိုင်ပေါ့။
တစ်နည်းအားဖြင့် အစိုးရကျောင်းမှာတက်နေတဲ့ကလေးတွေကို နှိမ့်ချရာ
သက်ရောက်နေတယ်။ ကြော်ငြာရိုက်ကူးတုန်းက လုပ်ငန်းရှင်နှင့် သရုပ်ဆောင်တွေဟာ ဒီလိုရည်ရွယ်ချက်မျိုးမထားခဲ့ကြဘူးဆိုတာယုံပါတယ်။
ဒါပေမယ့် ထောင့်ပေါင်းစုံကနေတွေးဖို့လိုအပ်ပါတယ်။ ဒီလို သတင်းစကား
အလွန်အကျွံသုံးမိလိုက်တဲ့အတွက် အထက်က ဆိုက်ကားသမား ဦးလေးကြီး
တို့မိသားစုလိုမျိုး မကောင်းတဲ့ အကျိုးဆက်တွေခံစားနေကြရမယ့် မိသားစုတွေ
အများကြီးရှိနေနိုင်တယ်ဆိုတာ သတိချပ်ကြဖို့လိုပါတယ်။
ဘရင်း အကြောင်းရေးလို့ ဘရင်းကိုတိုက်ခိုက်တာလုံးဝ (လုံးဝ) မဟုတ်ပါ။
ဒီလိုအစပ်အဟပ်မတည့်ပဲလွဲချော်နေတဲ့ ကုန်ပစ္စည်းကြော်ငြာတွေရှိနေနိုင်ပါ တယ်။
ဘရင်းဟာ စင်ကာပူနိုင်ငံထုတ် အရည်အသွေးပြည့်ပစ္စည်းကောင်းတစ်ခုပါပဲ။
စားသုံးသူတွေကလည်းနှစ်သက်ကြပြီးသားပါ။ ဒါပေမယ့် ဈေးကွက်ကိုထိုး
ဖောက်ဖို့ ကြော်ငြာတဲ့အခါ လူထုကို ပြောင်းပြန်အကျိုးသက်ရောက်မှုမရှိစေဖို့
ဆင်ခြင်နိုင်စေဖို့အတွက်သာအပြုသဘောဆောင်တင်ပြခြင်းသက်သက်မျှသာ ဖြစ်တယ်။
နောင်လာလတ္တံ့သော ကုန်ပစ္စည်းကြော်ငြာတွေများစွာအတွက် လည်း လူထုရဲ့ အကျိုးကို
လိုလားတဲ့ ကြော်ငြာကောင်းများစွာ ထုတ်လွှင့်နိုင်
ကြပါစေလို့ ဆန္ဒပြုပါတယ်။
မြန်မာပြည်မှာ လူတန်းစားအလွှာအသီးသီးရှိပါတယ်။ အဲဒီအထဲမှာမှရွေးချယ်ခွင့်မရှိတဲ့လူတန်းစားတစ်ရပ်ဟာဟိုး အောက်ခြေမှာ
ယနေ့အချိန်ထိရှိနေဆဲပါ။ဘယ်လိုပြသနာမျိုးကြုံရနိုင်မှန်းသိနေခဲ့ရင်တောင်
ရွေးချယ်ခွင့် မရှိကြတဲ့ သူတွေပေါ့။
လူကြီးမင်းတို့ဘာပဲကြော်ငြာ ကြော်ငြာ အဲ့ဒီ ရွေးချယ်ခွင့်မရှိတဲ့လူထု
တစ်ရပ် ဟာ လူကြီးမင်းတို့ ရဲ့ကြော်ငြာကိုမလွတ်တမ်းအဓိကစောင့်ကြည့် အားပေးနေ
ကြတယ်ဆိုတာလေး တစ်ချက်ပဲ ထည့်စဉ်းစားပေးစေချင်ပါတယ်။
#မြလေးခင်
၁၄.၂.၂၀၁၆
https://www.facebook.com/hashtag/%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%B9%E1%81%BF%E1%80%84%E1%80%AC%E1%80%90%E1%80%85%E1%80%B9%E1%80%81%E1%80%AF%E1%81%BF%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9B%E1%80%AC%E1%81%80%E1%80%9A%E1%80%B9?source=feed_text&story_id=697571630382810
No comments:
Post a Comment