ကလေး အသက် ၉-လမှ ၁၂ လကလေးကို အစာဘယ်လိုကျွေးမလဲ?
၆-လ မှ ၁၂-လအထိ ကလေးလိုအပ်သော စွမ်းအင်တစ်ဝက်ကို မိခင်နို့ကပေးစွမ်းနိုင်သည်။ ကျန်လိုအပ်ချက် တစ်ဝက်ကို ဖြည့်ဖို့ ဖြည့်စွက်အစာများ ကျွေးရခြင်းဖြစ်ပါသည်။
နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။ မိခင်နို့ကို ဦးစွာတိုက်ပြီးမှ ဖြည့်စွက်စာ ကျွေးပါ။
တစ်နေ့ဘယ်နှစ်ကြိမ် ကျွေးမလဲ?
တစ်နေ့ (၃) ကြိမ် ကျွေးပါ။ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ရာသီးပေါ်သစ်သီးများ၊ ရွှေကန်စွန်းဥပြုတ်၊ မြန်မာမုန့်၊ မုန့်ကြွတ် စသော သွားရည်စာ (၂) ကြိမ်ကျွေးပါ။
ပမာဏဘယ်လောက်များများ ကျွေးမလဲ?
တစ်ကြိမ်ကျွေးလျှင် ၂၅၀ မီလီလီတာဆန့် ပန်းကန်လုံးတစ်ဝက် ကျွေးနိုင်ပါသည်။ ကလေးကုန်အောင် စားနိုင်မစားနိုင်သိရှိရန် သီးသန့်ပန်းကန်ဖြင့် ကျွေးပါ။
ဘယ်လောက်အပျစ်အကျဲ ရှိရမလဲ?
မိသားစုထမင်းဝိုင်းမှ ထမင်းကို ကလေးစားနိုင်ရန် ဇွန်းဖြင့်ခြေကျွေးပါ။ အသားကို နူးအောင်ချက်ပါ။ နုပ်နုပ်စဉ်းပါ။
ဘာတွေကျွေးမလဲ?
တစ်ကြိမ်ကျွေးတိုင်း အစာအုပ်စုအားလုံးပါဝင်အောင် ကျွေးရမည်။
အစာများကို ကြယ်လေးပွင့် အစာများဖြစ်အောင် ပေါင်းစပ်ကျွေးပါ။ ကြယ်လေးပွင့်ကတော့-
(ကြယ်တစ်ပွင့်) အခြေခံအစာ (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး)
(ကြယ်တစ်ပွင့်) တိရစ္ဆာန်ကရသော အစာများ (ကြက်၊ ငါး၊ အသည်း၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ)။ တိရစ္ဆာန်ကရသော အစာများသည် ပထမတန်းစားအသားဓာတ်ဖြစ်သည်။ ကျက်အောင်ချက်ပါ။
(ကြယ်တစ်ပွင့်) ပဲအမျိုးမျိုး (ပဲနီလေး၊ ပဲကြီး၊ ကုလားပဲ၊ မြေပဲ)၊ အစေ့အဆံများ (နှမ်း)။ ပဲအမျိုးမျိုးသည် ဒုတိယတန်းစား အသားဓာတ်ဖြစ်သည်။
(ကြယ်တစ်ပွင့်) ဗီတာမင်အေကြွယ်ဝသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ (သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ပင်မှည့်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အရွက်များ၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥ၊ ရွှေဖရုံသီး)။ အခြားသစ်သီးနှင့် ဟင်းသီးဟင်းရွက်များ (ငှက်ပျောသီး၊ ဖရဲသီး၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ခရမ်းသီး၊ ဂေါ်ဖီ)
ဆီတစ်မျိုးမျိုး- တစ်နေ့လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ကျွေးပါ။
ဟင်းချက်ရာတွင် အိုင်အိုဒင်းဆား သုံးပါ။
ဘာတွေမကျွေးရဘူးလဲ?
အချိုရည်၊ ဘီစကစ်မုန့်ချိုများ မတိ်ုက်ကျွေးပါနှင့်။
ဘယ်လိုကျွေးရမလဲ?
ကလေးစားချင်အောင် စိတ်ပါလက်ပါတက်ကြွစွာ ကျွေးပါ။ ချော့မြှူကျွေးပါ။
သန့်ရှင်းမှု
ကလေးအတွက် အစာမပြင်ဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ။ မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင်ဆေးပါ။ သန့်ရှင်းသော ပန်းကန်၊ ခွက်တို့ဖြင့် အစာကျွေးပါ။ ရေ၊ အရည်တိုက်ပါ။ ကလေးစားမည့်အစာများကို သန့်ရှင်းလုံခြုံသောနေရာတွင် သိမ်းဆည်းပါ။
References:
လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။
No comments:
Post a Comment