Sunday, March 6, 2016

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်များကို လိုက်နာမှုရှိမရှိ ဗဟိုအဆင့် စစ်ဆေးမည်


News-Eleven
နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်များကို လိုက်နာမှုရှိမရှိ ဗဟိုအဆင့် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်စာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့က အမိန့်ကြော်ငြာစာ အမှတ် ၂၂/၂၀၁၄ ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် ယင်းအမိန့်စာတွင် အရည်အသွေး အာမခံချက်၊ အမှတ်တံဆိပ် ကပ်ခြင်း၊ ဈေးကွက်တင်ခြင်း၊ သတင်းအချက်အလက်နှင့် ပညာပေးခြင်း၊ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် အရေးယူခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

"ကျွန်မတို့က ဥပဒေတစ်ခု၊ အမိန့်တစ်ခု ဖြစ်လာပြီဆိုရင် စောင့်ကြပ်ကြည့်ရှုဖို့က အရမ်းအရေးကြီးပါတယ်။ အမိန့်ကြော်ငြာစာမှာလည်း မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင် အဖွဲ့က ထုတ်ပြန်ပြီး ကြီးကြပ်ကွပ်ကဲဖို့ အတွက် အဖွဲ့တစ်ဖွဲ့ကို လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပြီး ပြဋ္ဌာန်းပေးရပါမယ်လို့ ပါပါတယ်။ ဒီအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ပါတယ်။ အခုလောလောဆယ် အဲဒီအဖွဲ့ကို ၀န်ကြီးဌာနက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ရှေ့နေချုပ်ရုံး၊ စီးပွားကူးသန်း၊ သားဖွားမီးယပ်၊ ကလေးအထူးကုတွေ စသဖြင့် ပါတဲ့အဖွဲ့ကနေ နောက်ပိုင်းမှာ  ကြီးကြပ်ကွပ်ကဲတာကို ဗဟိုအဆင့် အနေနဲ့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက် FDA မှာလည်း ကော်မတီ အဆင့်ဆင့်ရှိပြီး ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ကြီးကြပ်ကွပ်ကဲမှုတွေကို အားလုံးပေါင်းပြီး လုပ်သွားဖို့ ပြင်ဆင်နေပါတယ်" ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (အာဟာရ) မှ ဒေါက်တာ မေခင်သန်းက ပြောကြားသည်။

ကလေးငယ်များအတွက် ဖော်စပ် ထုတ်လုပ်ထားသော အစားအသောက်များ၊ မိခင်နို့ရည် အစားထိုး အစာများကို ပင်ရင်းဖြန့်ချိသော နေရာတွင်လည်းကောင်း၊ တစ်ဆင့်ခံ အရောင်းဆိုင်များတွင်လည်းကောင်း ရောင်းအား မြှင့်တင်ရန် အထူးခင်း ကျင်းပြသခြင်း (သို့မဟုတ်) ပြိုင်ပွဲများ ပြုလုပ်ခြင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဆွဲဆောင်စည်းရုံးခြင်း၊ အားပေး တိုက်တွန်းခြင်း၊ သုံးစွဲရန် ညွှန်းဆိုခြင်း၊ လျှော့ဈေးဖြင့် ရောင်းခြင်း၊ လျှော့ဈေးကူပွန်များ ပေးခြင်း၊ ၀ယ်ယူလျှင် လက်ဆောင်၊ ကံစမ်းမဲ တစ်ခုခုပေးခြင်း၊ ၀ယ်သူအား တစ်နည်းနည်းဖြင့် အကျိုးခံစားခွင့် ပြန်ပေးခြင်း၊ ပြည်သူ လူထုသိရှိရန် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်သံတို့ကို အသုံးပြု၍ဖြစ်စေ၊ အီလက်ထရွန်နစ်နည်း ပညာတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ ကြော်ငြာဆိုင်းဘုတ်များ၊ လမ်းဖြတ်နဖူးစည်း စာတန်းများ၊ ကြော်ငြာအလံများ၊ ဗွီနိုင်း၊ ပိုစတာ၊ လက်ကမ်းစာစောင်များ စသည်တို့အပြင် ယင်းတို့နှင့် အလားတူပစ္စည်းများ အသုံးပြု၍ဖြစ်စေ၊ အနုပညာရှင်များ၊ အားကစားသမားများ စသည့် လူသိများ ထင်ရှားကျော်ကြားသူများနှင့် ယင်းတို့၏ မိသားစုများမှ တစ်ဆင့်ဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ သတင်းအချက်အလက် ပေးခြင်းစသည့် အချက်များကို ကျန်းမာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့က တားမြစ်ထားကြောင်း သိရသည်။
 
Writer: 
အိသဉ္ဇာကျော်

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...