Tuesday, January 15, 2019

နို့တင်းလွန်နေပါသလား?


နို့တင်းလွန်နေပါသလား?

နို့တင်းလွန်ခြင်းလက္ခဏာများမှာ-

·         သားမြတ်နှစ်ဖက်လုံးဖြစ်

·         ဖောရောင်

·         အထိမခံနိုင်

·         ပူနွေး

·         အနည်းငယ်နီမြန်း

·         နာကျင်

·         ပြောင်နေ၊ တင်းနေသည်။ နို့သီးခေါင်းတင်းနေသဖြင့် နို့ငုံရခက်သည်။

·         ကနဦးရက်များတွင် မကြာခဏနို့မတိုက်ကျွေးခဲ့သော မိခင်များတွင် မွေးပြီး ၃-၅ ရက် နို့လိုက်လာသောအခါ ဖြစ်လေ့ရှိသည်။


နို့တင်းလွန်တာ မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ?

မွေးပြီးလျှင်ပြီးချင်း မိခင်ရင်ဘတ်ပေါ် တင်၍ အသားချင်းထိကပ်ပေးပါ။

မွေးပြီးတစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးပါ။

ထိကပ်မှုကောင်းစွာနို့စို့စေပါ။

၂၄ နာရီ နေ့ရောညဥ့်ပါ တစ်နေ့ ၁၀-၁၂ ကြိမ် ကလေးစို့လိုသလောက် မကြာခဏ မိခင်နို့တိုက်ကျွေးပါး

(မှတ်ချက်- ပထမ ၁-၂ ရက်တွင် ကလေးသည် တစ်နေ့ ၂-၃ ကြိမ်သာ နို့စို့လေ့ရှိသည်။)

မွေးပြီးလျှင်ပြီးချင်း ကလေးကို မိခင်ရင်ဘက်ပေါ်တင်ပြီး မိခင်နှင့် အသားချင်းထိကပ်ထားပါ။ ကလေးလက်ကိုလည်းကောင်း၊ မိခင်နို့ကိုလည်းကောင်း ဆေးကြောခြင်းမလုပ်ပါနှင့်။ ကလေးသည် မိခင်သားမြတ်ကို အနံ့၊ အမြင်ဖြင့် ရှာဖွေနိုင်ရန် ဖြစ်သည်။

မွေးပြီးစောနိုင်သမျှစောစွာ ကလေးက အဆင်သင့်ဖြစ်သည်နှင့် မိခင်နို့တိုက်ကျွေးပါ။ ကလေးသည် လှုပ်ရှားလာပြီး မိခင်သားမြတ်ကို မိမိဘာသာရှာလိမ့်မည်။ ထိကပ်မှုမှန်ကန်စွာ နို့စို့စေရန် အသေအချာကြည့်ပါ။ မကြာခဏ မိခင်နို့တိုက်ကျွေးပါ- နို့စို့များမှ နို့ထွက်များသည်။

ပထမနို့ကို ကလေးသူ့အလိုအလျောက်လွှတ်ပြီးမှ ဒုတိယသားမြတ်ဘက်သို့ ပြောင်းတိုက်ပါ။ မိခင်နို့တစ်မျိုး တည်းသာတိုက်ပါ။ အခြားအရည်၊ ရေ၊ အစာများမတိုက်ကျွေးပါနှင့်။


နို့တင်းလွန်လာရင် ဘယ်လိုလုပ်မလဲ?

·         ထိကပ်မှုကောင်းစွာ နို့စို့စေပါ။

·         မကြာခဏမိခင်နို့တိုက်ပါ။

·         နို့ရည်စီးဆင်းမှု ကောင်းစေရန် သားမြတ်ကို လက်ချောင်းများဖြင့် သပ်ချပေးပါ။

·         နို့သီးခေါင်းတစ်ဝိုက်ပျော့လာစေရန် ဖိနှိပ်ပေးပါ (နို့စို့လွယ်ရန်)။

·         သားမြတ် ၂-ဖက်လုံး စို့စေပါ။

·         နို့မတိုက်မီ နို့တင်းခြင်း လျော့စေရန် နို့ညှစ်ထုတ်ပါ။

·         နို့မညှစ်ထုတ်မီ နို့ရည်စီးဆင်းမှုလွယ်ကူစေရန် ရေနွေးဝတ်တင်ထားပါ။

·         နို့ညှစ်အပြီး ဖောရောင်မှုသက်သာစေရန် ရေအေးဝတ်တင်ပါ။


နို့သီးခေါင်းနာခြင်း/ကွဲခြင်းဆိုတာ ဘာကို ပြောတာလဲ?

နို့သီးခေါင်းနာနေ/ကွဲနေရင်တော့ သားမြတ်/နို့သီးခေါင်းနာကျင်နေမယ်။ နို့သီးခေါင်းထိပ်မှာ ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်း ဖြစ်နေမယ်။ တစ်ခါတစ်လေသွေးထွက်တယ်။ ရောဂါပိုးဝင်လာနိုင်တယ်။


နို့သီးခေါင်းနာခြင်း/ကွဲခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

ထိကပ်မှုကောင်းစွာ နို့စို့စေပါ။ နို့ပုလင်း၊ ချိုလိမ်နှင့် နို့မတိုက်ပါနှင့်။ စုပ်ယူရပုံ မတူသဖြင့် ကလေးအတွက် နို့သီးခေါင်းကို ဇဝေဇဝါဖြစ်နိုင်သည်။ နို့သီးခေါင်းကို ဆပ်ပြာနှင့် ဆေးခြင်း၊ လိမ်းဆေးလိမ်းခြင်း မပြုပါနှင့်။


နို့သီးခေါင်းနာခြင်း/ကွဲခြင်း ဖြစ်လာပြီဆိုရင် ဘာလုပ်မလဲ?

·         မိခင်နို့တိုက်ခြင်း မရပ်ဆိုင်းပါနှင့်။

·         ထိကပ်မှုကောင်းစွာ နို့စို့စေရန် ကူညီပါ။ ကလေးသည် နို့သီးခေါင်းအောက်မှ သားမြတ်သို့ ချဉ်းကပ်ရမည်။ မိခင်နှင့် နီးကပ်စွာ ပွေ့ချီနို့တိုက်ရမည်။

·         နာကျင်မှုနည်းသည့်ဘက်မှ စတိုက်ပါ။

·         အနေအထားပြောင်းလဲတိုက်ပါ။

·         ကလေးက သူ့အလိုလို နို့ချွတ်ပါစေ။

·         နို့သီးခေါင်းကို နို့ရည်သုတ်လိမ်းပေးပါ။

·         နို့သီးခေါင်းကို ဆပ်ပြာနှင့် ဆေးခြင်း၊ လိမ်းဆေးလိမ်းခြင်း မပြုပါနှင့်။

·         နို့တင်းအောင် စောင့်ပြီးမှ နို့မတိုက်ပါနှင့်။

·         နို့ဘူးမတိ်ုက်ပါနှင့်။


References:

လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

သင့်ကိုယ်သင် နို့ထွက်မသန်ဘူးဟု ထင်နေပါသလား?


သင့်ကိုယ်သင် နို့ထွက်မသန်ဘူးဟု ထင်နေပါသလား?

မွေးပြီးလျှင်ပြီးချင်း ကလေးကို မိခင်ရင်ဘက်ပေါ်တင်ပြီး မိခင်နှင့် အသားချင်းထိကပ်ထားပါ။ ကလေးလက်ကိုလည်းကောင်း၊ မိခင်နို့ကိုလည်းကောင်း ဆေးကြောခြင်းမလုပ်ပါနှင့်။ ကလေးသည် မိခင်သားမြတ်ကို အနံ့၊ အမြင်ဖြင့် ရှာဖွေနိုင်ရန် ဖြစ်သည်။

မွေးပြီးစောနိုင်သမျှစောစွာ ကလေးက အဆင်သင့်ဖြစ်သည်နှင့် မိခင်နို့တိုက်ကျွေးပါ။ ကလေးသည် လှုပ်ရှားလာပြီး မိခင်သားမြတ်ကို မိမိဘာသာရှာလိမ့်မည်။ ထိကပ်မှုမှန်ကန်စွာ နို့စို့စေရန် အသေအချာကြည့်ပါ။ မကြာခဏ မိခင်နို့တိုက်ကျွေးပါ- နို့စို့များမှ နို့ထွက်များသည်။

ပထမနို့ကို ကလေးသူ့အလိုအလျောက်လွှတ်ပြီးမှ ဒုတိယသားမြတ်ဘက်သို့ ပြောင်းတိုက်ပါ။ မိခင်နို့တစ်မျိုး တည်းသာတိုက်ပါ။ အခြားအရည်၊ ရေ၊ အစာများမတိုက်ကျွေးပါနှင့်။

ကလေးကို မိခင်ရင်ခွင်တွင်လည်းကောင်း၊ အသားချင်းကပ်လျက်လည်းကောင်း ထားပါ။ သို့မှသာ ကလေးသောက်စို့လိုတိုင်း မိခင်မှ နို့တိုက်ကျွေးနိုင်သည်။ ညအချိန်တွင်လည်း နို့တိုက်ပါ။

ကလေးနှင့် ခေတ္တခဏခွဲခွာနေရပါက မိမိနို့ရည်ကို ကလေးသောက်စို့ရန် ညှစ်ထားခဲ့ပါ။ ဤသို့ပြုလုပ်ခြင်းသည် နို့တင်းခြင်းကိုလည်း သက်သာစေသည်။

မိခင်နို့တိုက်နေစဉ် ရေ/အရည်များများ သောက်ပါ။ ခါတိုင်းထက် ပိုစားပါ။


ထိကပ်မှုမှန်ကန်စွာ နို့စို့တယ်ဆိုတာ ဘာကို ပြောတာလဲ?

ထိကပ်မှုကောင်းစွာ မိခင်နို့တိုက်ခြင်း (နို့ငုံကောင်းခြင်း) သည် ကလေးကမိခင်နို့ကို ထိရောက်စွာစို့ယူနိုင်သဖြင့် မိခင်နို့ထွက်သန်လာစေသည်။ ထိကပ်မှုမှန်ကန်ခြင်းသည် နို့သီးခေါင်းနာခြင်း၊ ကွဲခြင်းကို ကာကွယ်သည်။


ထိကပ်မှုမှန်ကန်စွာ နို့စို့ခြင်း လက္ခဏာ (၄) ခုရှိသည်-

(၁) ကလေး ပါးစပ်ကျယ်ကျယ်ပွင့်နေခြင်း၊ (၂) ကလေးပါးစပ်အပေါ်ဘက်တွင် အမည်းကွင်းပိုမြင်နိုင်ခြင်း၊ (၃)ကလေး၏အောက်နှုတ်ခမ်းများလန်နေခြင်း၊ (၄)ကလေးမေးစေ့နှင့် မိခင်သားမြတ်ထိနေခြင်း


ထိကပ်မှုကောင်းစွာနို့စို့နိုင်ရန် -

·         သင့်နို့သီးခေါင်းနှင့် ကလေးနှုတ်ခမ်းများ ထိတွေ့ပါ။

·         ကလေးပါးစပ်ကျယ်ကျယ်ပွင့်လာသည်အထိ စောင့်ပါ။

·         နို့သီးခေါင်းကို အာခေါင်ဆီသို့ ချိန်ရွယ်လျက် သားမြတ်အောက်မှနေ၍ ကလေးကို သားမြတ်ဆီသို့ လျင်မြန်စွာရွှေ့ယူပါ။

·         ကလေးသည် သားမြတ်သားများများကို ပါးစပ်တွင်းသို့ ဆွဲသွင်းစုပ်ယူရမည်။


ထိရောက်စွာနို့စို့ခြင်းဆိုတာ ဘယ်လိုလဲ?

ထိရောက်စွာနို့စို့ခြင်းသည် ကလေးကိုတင်းတိမ်မှုရှိစေပြီး နို့ထွက်သန်စေသည်။ ထိရောက်စွာနို့စို့ခြင်း လက္ခဏာ (၄) ခုရှိသည် -

(၁)ကလေးသည် နက်ရှိုင်းစွာစို့ယူမှုနှင့် နားခြင်းများရှိသည်။ (၂)ကလေးနို့မျိုချသံကို ကြားနိုင်သည်။ (၃)မိခင်သည် နာကျင်မှုမရှိ၊ သက်သောင့်သက်သာရှိနေမည်။ (၄)နို့ဝသောအခါ ကလေးသည် နို့ကိုသူ့အလိုအလျောက် လွှတ်လိုက်သည်။ ကလေးကို ကြည့်ရသည်မှာ အာသာပြေပြီး တင်းတိမ်မှုရှိနေသည်။

ကလေးက သူ့အလိုအလျောက် သားမြတ်တစ်ဖက်ကို လွှတ်လိုက်မှ နောက်တစ်ဖက်ကိုပေးပါ။ ကလေးသည် သားမြတ်နှစ်ဖက်လုံးစို့သည့်အတွက် နှစ်ဖက်လုံးနို့ထွက်ကောင်းစေသည်။


ဘယ်လို အနေအထားမှန်ကန်စွာ နို့တိုက်ရမလဲ?

·         ကလေး၏ဦးခေါင်းနှင့် ကိုယ် တစ်ဖြောင့်တည်း ရှိသင့်သည်။ ဦးခေါင်းအနည်းငယ် နောက်သို့လန်နေစေရမည်။

·         ကလေး၏မျက်နှာနှင့် သားမြတ် မျက်နှာချင်းဆိုင်ရှိရမည်။

·         မိခင်နှင့် ကလေးနီးကပ်စွာရှိရမည်။

·         မိခင်သည် ကလေးတစ်ကိုယ်လုံးကို မိမိလက်၊ လက်မောင်းတို့နှင့် ပင့်မထားရမည်။


References:



လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

မိခင်အလုပ်လုပ်နေရင် ကလေးကို ဘယ်လိုနို့တိုက်မလဲ?

မိခင်အလုပ်လုပ်နေရင် ကလေးကို ဘယ်လိုနို့တိုက်မလဲ?

အလုပ်သွားနေတဲ့အမေများ          နို့ရည်ညှစ်ထုတ်ခြင်းအား ဖြင့် နို့တင်းခြင်း ကိုသက်သာစေသလို၊ နို့ကိုလဲ ပျော့ပျောင်းစေပြီး နို့စီးဆင်းမှုကိုလည်းကောင်းစေပါတယ်။ နို့ညှစ်ထုတ်ခြင်းဟာ ကလေးနဲ့အမေခွဲခွာချိန်မှာ အရမ်းအရေးကြီးသလို နို့စီးဆင်းမှုကိုလည်းကောင်းစေပါတယ်။ မိခင်အပြင်သွားတဲ့အချိန်နို့ညှစ်ထားခဲမယ်ဆိုရင် အခြားတစ်ယောက်က ကလေးကိုတိုက်ထားနိုင် သလိုမကုန်ရင်လဲ သိမ်းထားနိုင်ပါတယ်။


နို့ရည်မညှစ်သေးခင်ဘာတွေ ပြင်ဆင်ဖို့လိုလဲ?

မိခင်က သူမရဲ့နို့ရည်ကို  မညှစ်သေးခင် လက်ကို အရင်စင်ကြယ်အောင်ဆေးရပါမယ်။ ပြီးရင် အဝကျယ်ပြီး သန့်ရှင်းတဲ့ခွက်ထဲကို ညှစ်ထည့်ရပါတယ်။ နို့မညှစ်ခင် နို့အုံရဲ့ ပတ်ပတ်လည်ကို အသာအယာနှိပ်နယ် ပေးဖို့လိုပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် နို့ရည်ကို ပိုပြီးထွက်စေပါတယ်။


နို့ရည်ဘယ်လိုညှစ်ရင် ဘယ်အချက်တွေထည့်သွင်းစဉ်းစားရမလဲ?

နို့ရည်ညှစ်ရင် အဓိကအချက်ကတော့ နို့အုံကို ညှစ်ပြီး ပြန်လွှတ်တဲ့အချိန်ပါပဲ။ နို့စီးဆင်းမှုကောင်းစေဖို့ မိခင်ကသက်တောင့်သက်သာရှိနေပြီး ကလေးနဲ့လည်း ဆက်သွယ်မှုရှိနေရပါမယ်။ နို့ထွက်လာစေဖို့အတွက် နို့အုံကို အသာအ  ယာနှိပ်နယ် ခြင်း၊ ကလေးကိုမြင်ရတဲ့နေရာမှာထားခြင်း၊ ကလေးရဲ့အသံကို ကြားနိုင်တဲ့နေရာမှာ ညှစ်ခြင်း ဒါမှမဟုတ် ကလေးရဲ့စောင်တို့ အဝတ်တို့ကိုရှုပြီးမှ နို့ကိုညှစ်ပါ။ မိခင်သက်တောင့်သက်သာရှိနေရင် နို့ရည်ကို ပိုပြီးများများရစေပါတယ်။


နို့ရည်ကိုဘယ်လိုညှစ်မလဲ?

အမဲကွင်းရဲ့အပေါ်ဘက်လက်နှစ်လုံးလောက်အကွာမှာ လက်မ ကိုထားလိုက်ပါ။ ပြီးရင်ကျန်တဲ့လက်ချောင်းတွေကို နို့အုံရဲ့အောက်မှာထားလိုက်ပါ။ လက်မဟာနို့အုံကိုညှစ်ရင်းနဲ့ ရင်ဘက်ဆီသို့ဆွဲတင်သွားရပါမယ်။ ပြီးရင်အောက်ဘက် က   လက်ချောင်း  တွေနဲ့ လက်နဲ့ ဟာနို့အုံကို ညှစ်ပြီးအောက်ကိုဆွဲချလာပါ။ ပြီးရင်လက်ကို လွှတ်လိုက်ပါ။ နောက်ဘက်ကိုဖိဆွဲပါ။ အောက်ကလက်ချောင်းတွေနဲ့လက်မနဲ့ ညှစ်ပြီးအောက်ကိုဆွဲလာပါ။ ပြီးရင်လွှတ်လိုက်ပါ။

မိခင်ဟာနို့သီးခေါင်းကိုပဲညှစ်နေရင် နို့ဟာအများကြီးထွက်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လက်မကိုနောက်ပြန်ဖိဆွဲတင်မယ်ဆို ရင် နို့စီးဆင်းမှု ပိုကောင်းမှာဖြစ်ပါတယ်။ အစပိုင်းမှာ တော့နို့ရည် အနည်းငယ်ပဲ ထွက်ရင်ထွက်နိုင်ပါတယ်။ နောက်ပိုင်းလုပ်ရင်းနဲ့ပဲ လုပ်တတ်သွားပါလိမ့်မယ်။

ပထမဆုံးထွက်တဲ့နို့ဦးရည်ကတော့နည်းမှာပါပဲ။ ဒါပေမယ့်မွေးစကလေးအတွက် တော့ လုံလောက်တဲ့နို့ရည် ဖြစ်ပါတယ်။ အဝါရောင်ပျစ်ပျစ်နို့ဦးရည်ဟာ ကလေးကို ရောဂါကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေအများကြီးပါတယ်။

နို့အုံကို ညှစ်ဖို့အတွက် လက်ချောင်းတွေပဲ လှုပ်ရမှာပါ။ လက်ချောင်းတွေကလွဲပြီး ကျန်တဲ့နေရာတွေက မလှုပ်ရပါဘူး။ နို့အုံမှာရှိတဲ့ အသားစတွေဟာ ပျော့ပျောင်းနူးညံ့နေလို့ပါ။ နို့အံပေါ်မှာလက်ကိုအရမ်းလျှောက်ညှစ်နေရင် နိုအုံနာကျင်တဲ့ ဝေဒနာကို ခံစားရပါလိမ့်မယ်။ နို့သီးခေါင်းကို လက်မ၊လက်ညှိုးနဲ့ညှစ်ခြင်း ဆွဲခြင်းများ မလုပ်ရပါဘူး။ နို့ညှစ်ခြင်းကြောင့် နို့အုံနာကျင်ခြင်းကို မဖြစ်ပါစေနဲ့။ တကယ်လို့လက်ချောင်းတွေက နို့သီးခေါင်းနားမှာပဲညှစ်နေမယ်ဆိုရင် တော်တော်နဲ့နို့ထွက်မှာ မဟုတ်ပါဘူး။ နို့အုံထဲက အသားစ အခဲလေးတွေကို ညှစ်မိမှသာ နို့ရည်များများထွက်မှာ ဖြစ်ပါတယ်။

နို့တစ်ဖက်က နည်းသွားရင်တော့ အခြားနို့တစ်ဖက်ကို ပြောင်းညှစ်လိုက်ပါ။ နို့ရည်မကုန်မခြင်း တစ်ဖက်ပြီးတစ်ဖက် ပြောင်းပြီးညှစ်နိုင်ပါတယ်။ ဒီလိုနို့ရည်ညှစ်ထုတ်ခြင်းဟာ နို့တင်းနေချိန်၊ နို့အုံအရမ်းပြည့်နေတဲ့အချိန်၊ နို့ကြောင်းပြည့်နေတဲ့အချိန် တွေမှာလဲ အသုံးဝင်ပါတယ်။ နို့ရည်ညှစ်ထုတ်ခြင်းအားဖြင့် နို့ရည်ကိုပိုထွက်စေနိုင်ပြီး နို့လမ်းကြောင်းပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နို့ထွက်ကောင်းအောင်နို့ကို ညှစ်ထုတ်ပေးဖို့လိုသလို ကလေးကိုလဲ နို့ဆက်တိုက်ဖို့လိုပါတယ်။


နို့ရည်ညှစ်ပြီးရင် ဘယ်လို သိမ်းမလဲ?

နို့ညှစ်ပြီးရင် သန့်ရှင်းပြီးအဖုံးပါတဲ့ ဖန်ခွက်၊ ကော်ခွက် ထဲမှာသိမ်းထားပါ။ တစ်ခါတိုက်ဖို့အတွက် ခွက်တစ်ခုကိုပဲအသုံးပြုပါ။ ခွက်တွေအများကြီးသိမ်းထားမယ်ဆိုရင် တစ်ခွက်ဆီကိုတိုက်မယ့် ရက်ရယ်၊ အချိန်ရယ်ကို ကပ်ထားသင့်ပါတယ်။ သိမ်းမယ်ဆိုရင်တော့ အတတ်နိုင်ဆုံး အေးမယ့် နေရာမှာသိမ်းပါ။ သန့်ရှင်းတဲ့နို့ရည်ဟာ အရမ်းမပူတဲ့အခန်းထဲမှာဆိုရင် မပုပ်မသိုးပဲ (၆) နာရီလောက်ထားနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာသိမ်းထားနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါဆိုရင်တော့ ၅ ရက်လောက်အထားခံပါတယ်။ ရေခဲသေတ္တာရဲ့ အောက်ဆုံးအထပ်ဟာ အအေးဆုံးနေရာဖြစ်တဲ့အတွက် အဲ့နေရာမှာသိမ်းထားသင့်ပါတယ်။ တကယ်လို့နို့ရည်ဟာ ခဲသွားပြီဆိုရင် နှစ်ပတ်လောက်အထားခံပါတယ်။


ညှစ်ထားတဲ့နို့ရည်ကို ဘယ်လိုတိုက်ကျွေးရမလဲ?

ကလေးကိုတိုက်တော့မယ်ဆိုရင် ကြာသွားပြီဖြစ်တဲ့နို့ရည်ကို စတိုက်ပါ။ နို့ရည်ကိုပြန်နွှေးတော့မယ်ဆိုရင် နို့ထဲ့ထားတဲ့ခွက်ကို ရေနွေးနွေးထဲ့စိမ်ထားလိုက်ပါရုံပါပဲ။ မီးဖိုပေါ်တင်ပြီးနွှေးစရာ မလိုပါဘူး။ ခွက်ကို ဆပ်ပြာ၊ ရေသန့်သန့် တို့နဲ့သေချာဆေးပါ။ ပြီးရင်တော့ ခွက်ကို ခြောက်သွေ့အောင်ထားလိုက်ပါ။

References: Global Health Media Project- New Born Care Series

နို့ဦးရည်တိုက်ကျွေးခြင်း နှင့် ကလေးအသက် (၆) လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်း


ကလေးကို မွေးပြီးပြီးချင်း ဘာတွေ ဘယ်လို တိုက်ကျွေးမလဲ?

မွေးပြီးပြီးချင်း ကလေးကို မိခင်ရင်ဘတ်ပေါ်တွင် ‘အသားချင်းထိကပ်’ တင်ပေးပြီး ပွေ့ပိုက်ထားစေပါ။

မိခင်နှင့် ‘အသားချင်းထိကပ်’ ခြင်းဖြင့် ကလေးသည် အနွေးဓာတ်ကို ရရှိစေသည်။ မိခင်နို့စို့လိုစိတ်ဖြစ်သည်နှင့် အလွယ်တကူစို့နိုင်သည်။

မွေးပြီးတစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးပါ။ မွေးစထွက်သော ဝါပျစ်ပျစ်နို့ရည် (နို့ဦးရည်) သည် ကလေးကို နာမကျန်းဖြစ်ခြင်းမှ ကာကွယ်သည်။

ကလေးကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ။ ရေ၊ အရည်တို့တိုက်ကျွေးရန် မလိုပါ။


ပြီးရင် ဘာတွေဆက်တိုက်ကျွေးမလဲ?

ကလေးအသက် ၆ လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးဖို့လိုသည်။ ကလေးအသက် ၆ လပြည့်အထိ လိုအပ်သည့် အာဟာရအားလုံးနှင့်ရေကို မိခင်နို့မှ ရရှိသည်။ ကလေးအသက် ၆ လပြည့်အထိ ကလေးကို အခြားအစာ၊ အရည်များ မတိုက်ပါနှင့်။ ရေတောင်မတိုက်ပါနှင့်။ ရေ၊ အခြားအစာတို့သည် ကလေးကို နေမကောင်းဖြစ်စေတတ်သည်။ ကျန်းမာရေးဝန်ထမ်းက ပေးသော ဆေးများကိုမူ တိုက်နိုင်သည်။


ကလေးအသက် ၆ လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရင် ဘာတွေအကျိုးရှိမလဲ?

ကလေးအသက် ၆ လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြင့် ရောဂါများ (ဥပမာ-ဝမ်းလျှောဝမ်းပျက်၊ အသက်ရှူလမ်းကြောင်းရောဂါများ) မှ ကာကွယ်ပေးသည်။

ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းသာ တိုက်နေပြီး ရာသီသွေးလည်း ထိမ်နေပါက သားဆက်ခြား စေသဖြင့် သင့်ကို နောက်ထပ်ကိုယ်ဝန်မရဖို့ ကာကွယ်သည်။

အသက် ၆ လမပြည့်မီ မိခင်နို့အပြင် အခြားအစာ၊ အရည် (နို့မှုန့်၊ တိရစ္ဆာန်နို့၊ ရေ) တို့ ရောနှောကျွေးမွေးခြင်း ပြုပါက သင့်ကလေးအစာအိမ်ကို ထိခိုက်စေနိုင်သည်။ ရောနှောကျွေးခြင်းကြောင့် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကရသော ရောဂါကာကွယ်မှုအကျိုးကျေးဇူးများ ကလေးမရရှိနိုင်။ ရောနှောကျွေးခြင်းကြောင့် အာဟာရချို့တဲ့မှုလည်း ဖြစ်နိုင်သည်။


မိခင်နို့ထွက်သန်စေဖို့ ဘာလုပ်ရမလဲ?

မိခင်နို့ထွက်သန်စေရန် ကလေးဆာတိုင်း၊တောင်းတိုင်း နေညဥ့် တစ်နေ့ (၈-၁၂) ကြိမ် မိခင်နို့တိုက်ကျွေးပါ။ ငိုခြင်းသည် ဆာခြင်း၏နောက်ကျသော လက္ခဏာဖြစ်သည်။ ကလေးဆာကြောင်း ရှေးဦးပြသသော လက္ခဏာ များဖြစ်သည့် ဂနာမငြိမ်ခြင်း၊ ပါးစပ်ဟပြီး ဦးခေါင်းကို ဘယ်ညာရမ်းခြင်း၊ လျှာကို ထုတ်ချည်သွင်းချည် ပြုလုပ်ခြင်း၊ လက်ချောင်းများ၊ လက်သီးစုပ်တို့ကို စုပ်နေခြင်း ကို တွေ့ပါက မိခင်နို့တိုက်ကျွေးပါ။ နို့တစ်ဖက်ကို ပြီးအောင်စို့စေပြီးမှ နောက်တစ်ဘက်ကို စို့စေပါ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးနေသော ကလေးသည် အရောင်ဖျော့ဖျော့ဆီး တစ်နေ့ ၆ ကြိမ်နှင့်အထက်သွားနေပါက အစာရော ရေပါလုံလောက်သည်။ ကလေးကိုယ်အလေးချိန်မတိုး၊ ပိန်နေသည်ထင်ပါက ကျန်းမာရေးဌာနသို့ ညွှန်းပို့ပါ။


References:

လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

ကလေး နေမကောင်းရင် ဘယ်လိုအစာကျွေးမလဲ?

အသက် ၆-လအောက်ကလေး နေမကောင်းရင် မိခင်နို့ဘယ်လိုတိုက်ကျွေးမလဲ?

မိခင်နို့ကို တစ်နေ့ (၁၂) ကြိမ်တိုက်ကျွေးပါ။ နေ့ရောညဥ့်ပါ တိုက်ကျွေးပါ။ မကြာခဏတိုက်ကျွေးပါ။ မိခင်နို့တိုက်ကျွေးခြင်းသည် နေမကောင်းဖြစ်နေသောကလေးကို သက်သောင့်သက်သာရှိစေပါသည်။ အကယ်၍ ကလေးသည် မိခင်နို့စို့ရန် ငြင်းဆန်နေပါက နို့စို့လာသည်အထိ ချော့မြှူအားပေးတိုက်ကျွေးပါ။ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းကပေးသော ဆေးများနှင့်အတူ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။

အကယ်၍ ကလေးသည်မိခင်နို့စို့ရန် အင်အားနည်းနေပါက မိခင်နို့ကို ညှစ်ပြီးခွက်ဖြင့်တိုက်ပါ။

ကလေးနဂိုကိုယ်အလေးချိန် ပြန်လည်ရရှိစေရန် နာလန်ထချိန်တွင် မိခင်နို့ကို အကြိမ်တိုးတိုက်ပါ။


အသက် ၆-လ အထက်ကလေး နေမကောင်းရင် ဘယ်လိုအစာကျွေးမလဲ?

နာမကျန်းဖြစ်နေသည့်ကလေးသည် ရောဂါကြောင့်လည်းကောင်း၊ အစာစားသုံးမှုနည်းသောကြောင့် လည်းကောင်း အာဟာရချို့တဲ့မှုအန္တရာယ်ကို ကြုံတွေ့နိုင်ပါသည်။

ရောဂါတန်ပြန်တိုက်ခိုက်ရန်၊ ကိုယ်အလေးချိန်ကျဆင်းခြင်း နည်းပါးစေရန်နှင့် နာလန်ထပိုမိုမြန်စေရန် နေမကောင်းဖြစ်နေသောကလေးကို မိခင်နို့မကြာခဏ တိုက်ကျွေးပါ။ မိခင်နို့ကို အကြိမ်ပို၍တိုက်ပါ။ နေမကောင်းဖြစ်နေသောကလေးသည် အစာနှင့် အရည်ပိုမိုလိုအပ်သည်။

ကလေးအား (ဆာလောင်မွတ်သိပ်မှု မရှိသည့်တိုင်) ချော့မြှူ၍ အစာကျွေးရပါမည်။ နာမကျန်းဖြစ်နေစဉ် အစာမကျွေးပဲ မနေပါနှင့်။ လျှော့မကျွေးပါစေနှင့်။ ဆက်ကျွေးရမည်။

သင့်ကလေး ခံတွင်းပျက်နေပါက တစ်ကြိမ်လျှင် ပမာဏနည်းနည်းနှင့် အကြိမ်တိုးကျွေးပါ။ အစာပျော့ပျော့ ကျွေးပါ။ (အထူးသဖြင့် ပါးစပ် သို့မဟုတ် လည်ချောင်းနာနေလျှင်)။

 ရိုးရှင်းသောအစာများဖြစ်သည့် ဥပမာ-ဆန်ပြုတ်ပျစ်ပျစ်ကျွေးပါ။ အဆီများသောအစာ၊ စပ်သောအစာများ မကျွေးပါနှင့်။

ဖျားနေလျှင်ဖြစ်စေ၊ ဝမ်းသွားနေလျှင် ဖြစ်စေ အရည်ပို၍တိုက်ပါ။

ကလေးစားချင်သည့်အစာမျိုးကို ကျွေးပါ။ မိဘများက စားချင်သည့်အစာကို ဇွတ်မကျွေးသင့်ပါ။ ကလေးသည် မှိန်းမနေဘဲ၊ လန်းဆန်းနေချိန်တွင် ကျွေးသင့်သည်။

ကလေးကို လန်းလန်းဆန်းဆန်းဖြစ်အောင် ရေဖတ်တိုက်ပေးခြင်း၊ နှာရည်များသုတ်ပေးခြင်း ပြုလုပ်ပြီးမှ အစာကျွေးသင့်သည်။


နာလန်ထချိန်တွင် ဘယ်လိုကျွေးမလဲ?

အဖျားကျပြီး နာလန်ထချိန်တွင် ကလေးသည် ခံတွင်းပြန်၍ ကောင်းလာတတ်ပါသည်။ နာမကျန်းဖြစ်နေစဉ် လျော့သွားသည့် ကိုယ်အလေးချိန်ကို နာလန်ထချိန်တွင် အမြန်ဆုံးပြန်လည်ရရှိအောင် ဆောင်ရွက်သင့်သည်။ အစာကို ပို၍ ကျွေးသင့်သည်။

မိခင်နို့ကို အကြိမ်ပို၍ တိုက်ပါ။

 ဖြည့်စွက်စာကို ပို၍ကျွေးပါ။ ကလေးအား အစာပိုစားရန် ချော့မြှူတိုက်တွန်း၍ ကျွေးပါ။

နာလန်ထပြီး ၂-ပတ်ကြာသည်အထိ တစ်နေ့ထမင်းတစ်နပ် ပိုစားစေရန် တိုက်တွန်းအားပေးကျွေးပါ။

ကလေးသည် ကျန်းမာရွှင်လန်းပြီး မူလကိုယ်အလေးချိန်ကို ပြန်လည်ရရှိသည့်တိုင် အစာပို၍ကျွေးပါ။


References:



လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

ထောက်ခံထားသော မိခင်နို့တိုက်ကျွေးခြင်း အလေ့အထများ

နေ့ရောညပါ မကြာခဏ မိခင်နို့တိုက်ကျွေးပါ

o   မွေးပြီးရက်များမကြာမီ ကလေးအများစုသည် တစ်နေ့လျှင်  ၈-၁၂ ကြိမ် နို့စို့လာသည်၊ နို့စို့များ၍ နို့ထွက်လည်းများ လာသည်။

o   မိခင်နို့လိုက်လာချိန်မှစ၍ ကလေးကို နေ့ရောညပါ တစ်နေ့   ဂ-ကြိမ်မိခင်နို့တိုက်ကျွေးပါ။ ကလေးသည် နို့စို့ရာတွင် ထိကပ်မှုမှန်ကန်ပြီး ကိုယ်အလေးချိန်ပုံမှန်တိုးနေပါက နို့တိုက် အကြိမ်သည်အရေးမကြီးပါ။

o   ထိကပ်မှုမှန်ကန်စွာနို့စို့က နို့ထွက်များစေပါသည်။


ကလေးဆာတိုင်း/တောင်းတိုင်း မိခင်နို့တိုက်ကျွေးပါ

o   ငိုခြင်းသည် ဆာခြင်း၏ နောက်ကျသောလက္ခဏာဖြစ်သည်။

o   ဆာလောင်သည်ကိုပြသော ကနဦးလက္ခဏာများမှာ - ဂနာမငြိမ်ဖြစ်ခြင်း - ပါးစပ်ဟလာပြီး ဦးခေါင်းကို ဘယ်ညာယမ်းခြင်း - လျှာထုတ်လိုက် သွင်းလိုက်လုပ်ခြင်း - လက်ချောင်း လက်သီးဆုပ်တို့ကို စုပ်ခြင်း


နို့တစ်ဖက်တည်းကို ကလေးစို့ လိုသလောက် စို့စေပါ၊ ကလေးမှအလိုအလျောက်နို့ကို ချွတ်လိုက်မှ ဒုတိယတစ်ဖက် စို့စေပါ

o   နို့တစ်ဖက်ကို ကလေးစို့မပြီးမီနောက်တစ်ဖက် ပြောင်းတိုက်ပါက အဆီပါဝင်မှုများသော နှောင်းပိုင်းနို့ရည်ကို ကလေးမရ ရှိဘဲဖြစ်မည်။

o   ရှေးဦးနို့ရည်} သည် ရေဓာတ်ပိုမိုပါဝင်သည့်အတွက် ရေငတ် ပြေစေသည်၊ ]နှောင်းပိုင်း နို့ရည်} သည် အဆီပါဝင်မှုများသည့် အတွက် ကလေးဆာလောင်နေခြင်း ပြေပျောက်စေသည်။


မိခင်နေမကောင်းစဉ်၊ ကလေးနေမကောင်းစဉ် မိခင်နို့ဆက်လက်တိုက်ကျွေးပါ

o   ကလေးနေမကောင်းစဉ် မိခင်နို့ အကြိမ်ပိုမိုတိုက်ကျွေးပါ။

o   မိခင်နို့တွင်ပါဝင်သောအာဟာရနှင့် ရောဂါကာကွယ်ဓာတ်များ သည် မကျန်းမာသောကလေးအတွက် အရေးကြီးသည်။

o   မိခင်နို့စို့ရခြင်းသည် နေမကောင်းသောကလေးကို နှစ်သိမ့် ကျေနပ်စေသည်။


နို့တိုက်မိခင်သည် ဆာလောင်ခြင်းနှင့် ရေငတ်မှု ပြေပျောက်စေရန် စားသောက် ရမည်

o   မိခင်နို့ထွက်ကောင်းရန် ဟုလည်းကောင်း၊   အထူးအာဟာရ ဟုလည်းကောင်း အထူးအစားအစာမရှိပါ။

o   မိခင်စားသောအစာသည် နို့ထွက်ခြင်းအပေါ်တွင် သက်ရောက်မှု မရှိပါ။

o   မိခင်နို့တိုက်စဉ် အစားရှောင်ရန်မလိုပါ။

o   မိခင်များ၏ ကျန်းမာရေးကိ ထိန်းသိမ်းရန် မိခင်နို့တိုက်စဉ် အစာပိုစားရန် အရေးကြီးသည်။


နို့ပုလင်းနို့သီးခေါင်း အသုံးပြုခြင်း ရှောင်ကြဉ်ပါ

o   ရောဂါကူးစက်ခြင်း၊ နို့သီးခေါင်းဇဝေဇဝါဖြစ်ခြင်းမှ ကာကွယ်   ရန် ဖြည့်စွက်စာများကိုခွက်နှင့်သာတိုက်ကျွေးပါ။


References:



လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

အမျိုးသမီးတစ်ယောက် အာဟာရမပြည့်ခဲ့ရင် ဘာအကျိုးဆက်တွေ ဆက်ဖြစ်နိုင်သလဲ?


အမျိုးသမီးတစ်ယောက် အာဟာရမပြည့်ခဲ့ရင် ဘာအကျိုးဆက်တွေ ဆက်ဖြစ်နိုင်သလဲ?

ဆယ်ကျော်သက်မိန်းကလေးတစ်ဦး အာဟာရမပြည့်ခဲ့ရင် နောင်တစ်ချိန်မှာ အာဟာရမပြည့်ဝတဲ့ အမျိုးသမီး တစ်ဦးအနေနဲ့ ကိုယ်ဝန်ဆောင်ပြီး အာဟာရမပြည့်၊ ပေါင်မပြည့်တဲ့ ကလေးကို မွေးဖွားရနိုင်တယ်။ အဲဒီကလေး ဟာ အာဟာရမပြည့်တဲ့ သမီးမိန်းကလေးအနေနဲ့ ကြီးလာပြီး ပုညှက်တဲ့ ဆယ်ကျော်သက်မိန်းကလေး ပြန်ဖြစ် လာလိမ့်မယ်။ ဒါဟာ မျိုးရိုးလိုက်နေတဲ့ အာဟာရချို့တဲ့ခြင်း သံသရာစက်ဝန်း ဖြစ်တယ်။


အမျိုးသမီးအာဟာရ မပြည့်ဝခြင်း၏ ဖြစ်နိုင်ခြေအကျိုးဆက်များ

·         ခုခံစွမ်းအားကျဆင်းခြင်းကြောင့် ရောဂါကူးစက်လွယ်ခြင်း

·         အားနည်းခြင်း၊ မောပမ်းလွယ်ခြင်းကြောင့် လုပ်အားကျဆင်းခြင်း

·         သေးငယ်သော အရိုးဖွဲ့စည်းမှုကြောင့် မွေးဖွားရာတွင် ခက်ခဲခြင်း

·         မွေးဖွားစဉ် အခက်အခဲများပိုမိုဖြစ်ပွားလွယ်ခြင်းကြောင့် မွေးဖွားစဉ် သေဆုံးနိုင်ခြေများခြင်း

·         အကယ်၍ မွေးဖွားစဉ်နှင့် မွေးဖွားအပြီး သွေးသွန်ခဲ့ပါက သေဆုံးနိုင်ခြေများခြင်း


ဆယ်ကျော်သက်အရွယ်ကိုယ်ဝန်ဆောင်ရင် ဘာဖြစ်နိုင်သလဲ?

ကြီးထွားရွယ်မကုန်သေးတဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မိခင်နဲ့ ကြီးထွားဆဲသန္ဓေသားတို့ဟာ အာဟာရတွေ အပြိုင်လုနေကြရတယ်။ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မိခင်ဟာ ကြီးထွားဆဲအရွယ် ဖြစ်ခဲ့ရင် အရိုးကွင်းကျဉ်းတဲ့အတွက် မွေးဖွားရ ပိုပြီးခက်ခဲနိုင်တယ်။ အသက် ၂၀ အရွယ် (သို့မဟုတ်) ကျော်မှ သားဦးကိုယ်ဝန်ဆောင်ပါ။


ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ဘာတွေကို ဘယ်လိုစားမလဲ? ဘာတွေလုပ်ရမလဲ?

သာမန်ထက် ထမင်းတစ်နပ်ပိုစားပါ။ ထမင်းကို လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ပဲအမျိုးမျိုးတို့နှင့် စားပါ။ နွားနို့သောက်ပါ။ သင့်ကလေး ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် ဟင်းချက်ရာ တွင် အိုင်အိုဒင်းဆားသုံးပါ။ သွေးအားနည်းခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်နှင့် မွေးပြီး အနည်းဆုံး ၃-လအထိ သံဓာတ်နှင့် ဖောလစ်အက်စစ်ဆေးသောက်ပါ။ သင့်ကို သွေးအားနည်းခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ဆောင်စဉ် သန်ချဆေးတစ်ကြိမ်သောက်ပါ။ ကိုယ်ဝန် ၉-လမှ မွေးပြီး ၃-လအထိ ဗီတာမင် ဘီဝမ်းဆေးသောက်ပါ။ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်အနည်းဆုံး ၄-ကြိမ် ပြသစစ်ဆေးပါ။ မေးခိ်ုင်ရောဂါကာကွယ်ဆေး တစ်လခြား ၂-ကြိမ်ထိုးရပါမည်။ ကိုယ်ဝန်ဆောင်ချိန် ပိုမိုအနားယူပါ။ ငှက်ဖျားရောဂါ ကာကွယ်ရန် တစ်မိသားစုလုံး ဆေးစိမ်ခြင်ထောင်နှင့် အိပ်ပါ။


နို့တိုက်မိခင်အနေနဲ့ ဘာတွေကို ဘယ်လိုစားမလဲ? ဘာတွေလုပ်ရမလဲ?

သာမန်ထက် ထမင်းနှစ်နပ်ပိုစားပါ။ ထမင်းကို လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ပဲအမျိုးမျိုးတို့နှင့် စားပါ။ နွားနို့သောက်ပါ။ သင့်ကလေး ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် ဟင်းချက်ရာတွင် အိုင်အိုဒင်းဆားသုံးပါ။ သွေးအားနည်းခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်နှင့်မွေးပြီး အနည်းဆုံး ၃-လအထိ သံဓာတ်နှင့် ဖောလစ်အက်စစ်ဆေးသောက်ပါ။ မွေးပြီး ၃-လအထိ ဗီတာမင် ဘီဝမ်းဆေးသောက်ပါ။ ကလေးမကျန်းမမာ ဖြစ်ခြင်းမှ ကာကွယ်ရန် မွေးပြီး ၆-ပတ်အတွင်း ဗီတာမင်အေ ဆေးလုံး သောက်ပါ။ ငှက်ဖျားရောဂါ ကာကွယ်ရန် တစ်မိသားစုလုံး ဆေးစိမ်ခြင်ထောင်နှင့် အိပ်ပါ။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။

ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။

လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

ဗီတာမင်သက်စောင့်ဓာတ်တွေ လုံလောက်မျှတစွာရရှိဖို့ ဘာတွေ စားရမလဲ?


ဗီတာမင်သက်စောင့်ဓာတ်တွေ လုံလောက်မျှတစွာရရှိဖို့ ဘာတွေ စားရမလဲ?

ဗီတာမင်များသည် ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးရေးအတွက် နေ့စဉ်အနည်းငယ်မျှလိုအပ်သော အာဟာရ ဓာတ်များ  ဖြစ်သည်။ ဗီတာမင်များအားလုံး လုံလောက်မျှတစွာရရှိရန် အစားအစာအမျိုးမျိုးစားသုံးရန် လိုအပ်သည်။


ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ?

ဗီတာမင်အေ(RETINOL)သည် အဆီတွင်ပျော်ဝင်သောဗီတာမင်တစ်မျိုးဖြစ်ပါသည်။ ဗီတာမင်အေသည် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ မျက်စိအမြင်ရရှိမှု၊ အသက်ရှုလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်း နှင့် ဆီးလမ်းကြောင်း အတွင်းရှိ အမြှေးပါများ သန်စွမ်းမှု အတွက် လိုအပ်သည်။ ဗီတာမင်အေ သည် ခန္ဓာကိုယ် တွင်း၌ ရောဂါခုခံအားကောင်းမွန်စေရန်လည်း လိုအပ်ပါသည်။

ဗီတာမင်အေ ကြွယ်ဝသောအစာများဖြစ်သော အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့၊ ထောပတ်၊ ဒိန်ခဲစသည်တို့ လုံလောက်စွာစားသုံးသောဓလေ့ ပိုမိုထွန်းကားလာစေရေးသည်  ရေရှည်နည်းလမ်းဖြစ်သည်။


မွေးစကလေးများကို နို့ဦးရည်တိုက်ကျွေးခြင်း၊ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း၊  ဖြည့်စွက်အစာများတွင် အသက်အရွယ် အလိုက် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ရွေကန်စွန်းဥနှင့် အစိမ်းရင့်ရောင် ဟင်းရွက်များကို ထည့်သွင်းကျွေးမွေးခြင်းဖြင့် လည်းကောင်း၊ အသည်း၊ ဥ၊ တို့ကိုလည်း မကြာခဏ ကျွေးမွေးခြင်းဖြင့်  လည်းကောင်း ဗီတာမင်အေကို   ပြည့်ဝစေနိုင်ပါသည်။ အိမ်ခြံသီးနှှံံစိုက်ပျိုးခြင်း၊ တနိုင်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဗီတာမင်အေး ကြွယ်ဝသော အစားအစာများ ပိုမိုစားသုံနိုင်မည်ဖြစ်ပါသည်။


ဗီတာမင်ဒီ ချို့တဲ့ရင် ဘာဖြစ်မလဲ?

ဗီတာမင်ဒီကို ငါး ကြီးဆီ(ငါးအသည်းမှအဆီ)၊ တိရိစ္ဆာန်အသည်းနှင့် ထောပတ်၊  ကြက်ဥစသည့် အစားအစာ တို့မှ ရရှိနိုင်သည်။ နေရာင်ခြည်နှင့် ထိတွေ့ခြင်းဖြင့် ခန္ဓာကိုယ်အရေပြားသည် ဗီတာမင်ဒီကို ထုတ်လုပ် ပေး နိုင်သည်။ ဗီတာမင်ဒီ ချို့တဲ့လျှင် ကလေးများ၌ (Rickets) ခေါ် အရိုးပျော့ရောဂါ  ဖြစ်ပွား တတ်သည်။


ဗီတာမင်ဘီဝမ်း ပြည့်ဝတဲ့အစားအစားတွေက ဘာတွေလဲ

နေ့စဉ်စားသုံးသည့် အစားအစာများတွင် ရေတွင် ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည့် ဗီတာမင်ဘီဝမ်း အလုံအေလာက် မပါဝင်လျှင် ခန္ဓာကိုယ်အတွင်း   ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကို ဖြစ်စေသည်။

ဗီတာမင်ဘီဝမ်း  ပြည့်ဝေသာ အစားအစာများ  ပဲပုပ်၊ မြေပဲ၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ဂျုံ၊ ဆန် စသည့် ကောက်နှံများ၊ သစ်ဥသစ်ဖုအမျိုးမျိုး၊ ဟင်းရွက် အမျိုးမျိုးနှင့် သစ်သီးအမျိုးမျိုး တို့ဖြစ်ကြသည်။


ကျီးကန်းပါးစပ် ဘာကြောင့်ဖြစ်လဲ?

ဗီတာမင်ဘီ ၂ ချို့တဲ့လျှင် ကျီးကန်းပါးစပ၊် လျှာနှင့်နှုတ်ခမ်းတွင် ကွဲအက်ခြင်းနာခြင်းတို့  ဖြစ်တတ်သည်။ ဗီတာမင် ဘီ ၂ သည်နွားနို့၊ ကြက်ဥ၊ အသည်းတို့တွင် ကြွယ်ဝပါသည်။ ဟင်းသီးဟင်းရွက်၊ ပဲနှင့် ဆန်လုံးညိုတို့တွင် အသင့်အတင့် ပါရှိသည်။


ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းရောဂါ မဖြစ်အောင် ဘာတွေစားရမလဲ?

ဖောလစ်အက်ဆစ်ဓာတ်သည် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၌ ပါဝင်သည်။ ယင်းဓာတ်ချို့တဲ့လျှင် သွေးအားနည်းရောဂါဖြစ်စေတတ်ပြီး ကိုယ်ဝန်ဆောင်မိခင်များတွင် အဖြစ်များတတ်သည်။ အာရုံးကြောနှင့် ဆိုင်သော မွေးရာပါ ချို့ယွင်းမှုများလည်း ဖြစ်စေနိုင်သည်။


ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာတွေက ဘာတွေလဲ?

ဗီတာမင်စီသည် ရေတွင်ပျော်ဝင် နိုင်သော ဓာတ်တစ်မျိုးဖြစ်သည်။ ယင်းဓာတ် ကြွယ်ဝသော အစားအစာ များမှာ ဟင်းရွက်များ (ကန်စွန်း၊ ချဉ်ပေါင်၊ ဒန့်သလွန်၊ ဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်)၊ အရည်စိုရွမ်းသော သစ်သီးများ (ရှောက်သီး၊ သံပုရာ၊ လိမ္မော်၊ ကျွဲကော) စသည်တို့ဖြစ်သည်။ ဇီးဖြူသီး၊ မာလကာသီးတို့သည် ဗီတာမင်စီ အများဆုံးပါဝင်သော အသီးများ  ဖြစ်သည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးအားလုံးတွင် ယင်းဓာတ်ပါရှိသည်။ ဗီတာမင်စီသည် အပူကြောင့် အလွယ်တကူ ပျက်စီးနိုင်သည်။ အစားအေသာက်များ ချက်ပြုတ်ရာတွင် ၅၀% မှ ၇၅% ထိ ပျက်စီးနိုင်သည်။ ထို့ကြောင့် သစ်သီးများကို အစိမ်းစားသုံးပါက ဗီတာမင်စီကို အလွယ်တကူ ရရှိနိုင်သည်။ ဗီတာမင်စီချို့တဲ့လျှင် (Scurvy)ခေါ် သွားဖုံးသွေးယိုရောဂါ  ဖြစ်တတ်သည်။ သွားဖုံးများပွလာပြီး မကြာခဏ သွေး ထွက်ခြင်း၊ အရေပြားပေါ်တွင် သွေးခြည်ဥခြင်း၊ အားနည်းခြင်း၊ မောပမ်းခြင်းဖြစ်ပြီး နောက်ဆုံးတွင် သေဆုံးသည်အထိ  ဖြစ်နိုင်သည်။ ဗီတာမင်စီသည် အနာကျက်ရန် လိုအပ်သဖြင့် ခွဲစိတ်ထားသောလူနာများ ဗီတာမင်စီ လုံလောက်စွာ စားသုံး ရပါမည်။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။

ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။

လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

ဗီတာမင်အေ က ဘာအတွက်အရေးကြီးသလဲ။

ဗီတာမင်အေ က ဘာအတွက်အရေးကြီးသလဲ။

ဗီတာမင်အေ (Retinol) သည် အဆီတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည်။ ဗီတာမင်အေ သည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ မျက်စိအမြင်ရရှိမှု၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းနှင့် ဆီးလမ်းကြောင်းအတွင်းရှိ အမြှေးပါးများ သန်စွမ်းရန်အတွက် လိုအပ်သည်။ ဗီတာမင်အေသည် ခန္ဓာကိုယ်တွင်း၌ ရောဂါခုခံအားကောင်းမွန်စေရန်လည်း လိုအပ်ပါသည်။


ဗီတာမင်အေချို့တဲ့ရင် ဘာတွေဖြစ်တတ်သလဲ။

ဗီတာမင်အေချို့တဲ့သောကလေးများသည် ကျန်းမာရေးချို့တဲ့ကာ မျက်စိတွင် ဗီတာမင်အေချို့တဲ့မျက်စိရောဂါ လက္ခဏာများ (ကြက်မျက်သင့်ခြင်း၊ ရေမြှပ်သဏ္ဍန် အစက်ဖြစ်ခြင်း၊ မျက်ကြည်ခြောက်သွေ့ခြင်း၊ မျက်ကြည်အနာဖြစ်ခြင်း၊ ဗီတာမင်ချို့တဲ့မျက်ကြည်တိမ်စွဲမှု) အဆင့်ဆင့်ဖြစ်ပေါ်တတ်သည်။

ဗီတာမင်အေချို့တဲ့မှုမျက်စိရောဂါသည် အသက် (၅)နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ ပရိုတင်း အင်အားချို့တဲ့မှုရောဂါ၊ နာတာရှည်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်ရောဂါဖြစ်သော ကလေးများတွင် ဗီတာမင်အေချို့တဲ့မှု ပြင်းထန်စွာဖြစ်တတ်ပြီး မျက်စိကွယ်သည်အထိ ရောဂါဆိုးတတ်ပါသည်။ အချို့ဒေသ များတွင် ကိုယ်ဝန်ဆောင်မိခင်များလည်း ဗီတာမင်အေချို့တဲ့၍ အလင်းရောင်နည်းချိန်တွင် မျက်စိမမြင်သည့် လက္ခဏာများ ဖြစ်ပေါ်တတ်သည်။


ဗီတာမင်အေ ဘာကြောင့်ချို့တဲ့နိုင်သလဲ။

ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင်အေကြွယ်ဝသော အစားအစာများမစားသုံးပါက မွေးစကလေးငယ်တွင် ဗီတာမင်အေသိုမှီးမှု နည်းစွာနှင့် မွေးဖွားလာနိုင်သည်။ မိခင်နို့ဦးရည်သည် ဗီတာမင်အေကြွယ်ဝသောအစာ ဖြစ်၍ နို့ဦးရည်ကို ကလေးအားမတိုက်ကျွေးပဲ ညှစ်ပစ်ပါက ဗီတာမင်အေ ရရှိမှုနည်းပါးနိုင်သည်။ မိခင်နို့ကို မတိုက်ပဲ နို့ဆီ၊ နို့မှုန့်များကိုသာ တိုက်ကျွေးပါက ဗီတာမင်အေရရှိမှု နည်းပါးနိုင်သည်။ ဖြည့်စွက်စာတွင် ဗီတာမင်အေ ကြွယ်ဝသောအစာများ မပါဝင်ပါက ဗီတာမင်ချို့တဲ့နိုင်ပါသည်။

မကြာခဏ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်း၊ သန်ကောင်ရောဂါစွဲကပ်ခြင်းတို့ကြောင့် ဗီတာမင်အေ စိမ့်စုပ်မှု လျော့နည်းစေပြီး၊ ဗီတာမင်အေချို့တဲ့စေနိုင်သည်။ အသက်ရှူလမ်းကြောင်းချို့တဲ့ရောဂါများသည် ဗီတာမင် လိုအပ်ချက်ပိုလာခြင်း၊ ဗီတာမင်အေစိမ့်စုပ်မှု လျော့နည်းစေခြင်းတို့ကြောင့် ဗီတာမင်အေ ချို့တဲ့စေ နိုင်သည်။ ပရိုတင်းအင်အားချို့တဲ့မှုရောဂါဖြစ်သော ကလေးများတွင် ဗီတာမင်အေ သယ်ပို့မှုလုပ်ငန်းအတွက် ပရိုတင်း ဓာတ်များ လျော့နည်း၍ ဗီတာမင်အေချို့တဲ့မှုဖြစ်ပေါ်တတ်သည်။


ဗီတာမင်အေ မချို့တဲ့အောင် ဘယ်လိုကာကွယ်မလဲ။

ဗီတာမင်အေကြွယ်ဝသောအစားအစာများစားသုံးခြင်း၊ နေ့စဉ်အစာတွင် ဗီတာမင်အေဖြည့်စွက်ခြင်း၊ အင်အားပြည့်ဗီတာမင်အေဆေး (Retinol) တိုက်ကျွေးခြင်းဖြင့် ဗီတာမင်အေ မချို့တဲ့စေရန် ကာကွယ်နိုင်ပါ သည်။


ဘယ်အစားအစာတွေက ဗီတာမင်အေကြွယ်ဝသလဲ။

အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့၊ ထောပတ်၊ ဒိန်ခဲတို့တွင် ဗီတာမင်အေကြွယ်ဝသည်။ မွေးစကလေးများကို နို့ဦး ရည်ကြည်တိုက်ကျွေးခြင်း၊ အသက် (၆) လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း၊ ဖြည့်စွက်အစာများတွင် အသက်အရွယ်အလိုက် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥနှင့် အစိမ်းရင့် ရောင်ဟင်းရွက်များကို ထည့်သွင်းကျွေးမွေးခြင်းဖြင့်လည်းကောင်း၊ အသည်း၊ ဥတို့ကိုလည်း မကြာခဏ ကျွေးမွေးခြင်းဖြင့်လည်းကောင်း ဗီတာမင်အေကို ပြည့်ဝစေနိုင်သည်။ အိမ်ခြံသီးနှံစိုက်ပျိုးခြင်း၊ တနိုင်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဗီတာမင်အေကြွယ်ဝသော အစားအစာများပိုမိုစားသုံးနိုင်မည် ဖြစ်သည်။


အင်အားပြည့် ဗီတာမင်အေဆေး ဘယ်လိုတိုက်ကျွေးသလဲ။

(က) နို့တိုက်မိခင်အား မွေးပြီးတစ်လအတွင်း ဗီတာမင်အေ ယူနစ် ၂ သိန်းအား တစ်ကြိမ်၊

(ခ) အသက် (၆)လမှ (၁)နှစ်အတွင်း ကလေးအား ဗီတာမင်အေ ယူနစ် တစ်သိန်းအားတစ်ကြိမ်၊

(ဂ) အသက် (၁) နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေ ယူနစ် ၂ သိန်းအားကို (၆) လတစ်ကြိမ် တိုက်ကျွေးရပါမည်။


ဘယ်သူတွေကို ဗီတာမင်အေဆေးတောင့် မတိုက်ကျွေးသင့်ဘူးလဲ။

(က) အသက် (၆) လအောက်ကလေးများ

(ခ) ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အင်အားပြည့်ဗီတာမင်အေဆေး မတိုက်ကျွေးရပါ။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။

ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။



လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

သွေးအားနည်းခြင်းနဲ့ သံဓာတ်အာဟာရ ဘယ်လိုဆက်စပ်နေသလဲ?

သွေးအားနည်းခြင်းနဲ့ သံဓာတ်အာဟာရ ဘယ်လိုဆက်စပ်နေသလဲ?

သံဓာတ်အာဟာရသည် သွေးနီဥတည်ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။ သွေးအားနည်းရောဂါသည် သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ(၁၂) စသည့်အာဟာရဓာတ်များချို့တဲ့မှုကြောင့် ဖြစ်သည်။ အဓိကအားဖြင့် သံဓာတ်အာဟာရချို့တဲ့သွေးအားနည်းရောဂါသည် အဖြစ်အများဆုံး ဖြစ်သည်။


ဘယ်လိုလူတွေ သံဓာတ်အာဟာရကို ပိုလိုအပ်သလဲ။

(သန္ဓေသားဘဝ၊ ကလေးငယ်၊ ပျိုဖော်ဝင်ချိန်) လျင်မြန်စွာ ကြီးထွားချိန်တွင် သံဓာတ်လိုအပ်ချက် မြင့်မားလာသည်။ အမျိုးသမီးများသည် ဓမ္မထာလာချိန် သွေးဆုံးရှုံးမှု၊ ကိုယ်ဝန်ဆောင်ချိန် အာဟာရလိုအပ်ချက်များလာမှုတို့ကြောင့် အမျိုးသားများထက် သံဓာတ်ကို ပိုမိုလိုအပ်သည်။

ဓမ္မထာလာသော မိန်းကလေးများနှင့် အမျိုးသမီးများသည် အရွယ်ရောက်ပြီးအမျိုးသားများထက် သံဓာတ် နှစ်ဆပိုမိုလိုအပ်သည်။


ဘာကြောင့် သွေးအားနည်းနိုင်သလဲ။

သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း၏ အဓိကအကြောင်းရင်းမှာ အစားအစာချို့တဲ့ခြင်း (အထူးသဖြင့် အသား၊ ငါးနည်းပါးသော အစားအစာ စားသုံးခြင်း) ကြောင့် ဖြစ်သည်။ အခြားအကြောင်းရင်းများမှာ သွေးနီဥများကို ပျက်စီးစေသော ငှက်ဖျားရောဂါ၊ သန့်ရှင်းမှုအားနည်းချိန် မြေကြီးမှ အလွယ်တကူ ကပ်ပါလာနိုင်သော (သံကောင်ကဲ့သို့) ကပ်ပါးကောင်များကြောင့် ဖြစ်သည်။


သံဓာတ်အလုံအလောက်မရရှိလို့ သွေးအားနည်းရောဂါ ဖြစ်ရင် ဘာဆိုးကျိုးတွေရှိလဲ။

သွေးအားနည်းသော လူကြီးများတွင် ကာယအား၊ ဉာဏအား ကျဆင်း၍ လုပ်အားစွမ်းရည်ကျဆင်းမည်။ မောပန်းလွယ်၊ ညောင်းညာ၊ မအီမသာ၊ ရင်တုန်၊ မူးဝေ၊ အစားအသောက်ပျက်ခြင်း၊ နှုတ်ခမ်း၊ မျက်ခမ်း၊ လက်ဖဝါးဖြူတ်ဖြူလျော်ဖြစ်ခြင်း၊ ရောဂါပြင်းထန်လျှင် နှလုံးရောဂါဖြစ်ခြင်း၊ ဖောရောင်ခြင်း၊ သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။

ကလေးများ သွေးအားနည်းလျှင် ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်း၊ ကျောင်းစာကို စိတ်ဝင်စားစွာ မှတ်သားနိုင်မှုနည်းခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်း၍ ချူချာခြင်း၊ ရောဂါရလွယ်ခြင်းတို့ ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းလျှင် လမစေ့ကလေးမွေးခြင်း၊ ပေါင်မပြည့်ကလေး မွေးခြင်းများဖြစ်နိုင်သည့်အပြင် မိခင်နှင့် ကလေး အသက်အန္တရာယ် စိုးရိမ်ရသည်။


သွေးအားနည်းရောဂါကို ဘယ်လိုကာကွယ်မလဲ။

သံဓာတ်ဆေးပြား သောက်ခြင်း၊ သံဓာတ်ကြွယ်ဝသော အစားအစာများစားခြင်း၊ အစာတွင် သံဓာတ်အာဟာရဖြည့်စွက်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးဖြင့် ကာကွယ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များအား ဖြန့်ဝေလေ့ရှိသည့် သံဓာတ်ဆေးပြားတွင် သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ ပါဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ဆေးပြား (၁၈၀) ပြားသောက်ရ မည်။ ကိုယ်ဝန်ရှိမှန်းသိသည်နှင့် ကိုယ်ဝန် (၇)လအထိ သံဓာတ်ဆေးပြား တစ်နေ့တစ်ပြား ညအိပ်ရာဝင်ချိန် သောက်ရမည်။ ကိုယ်ဝန် (၇)လနောက်ပိုင်းတွင် တစ်ကြိမ်လျှင်သံဓာတ်ဆေးပြားတစ်ပြား (နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်) တစ်နေ့ (၂)ကြိမ်သောက်ရမည်။

သံဓာတ်ကြွယ်ဝတဲ့အစားအစာများမှာ အသား၊ အသည်းစသော တိရစ္ဆာန်ထွက် အစားအစာများဖြစ်သည်။ ထိုအစားအစာများမှ သံဓာတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူစုပ်ယူနိုင်သည်။ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနှင့် စိမ်းလန်းသောဟင်းသီးဟင်းရွက်များတွင် သံဓာတ်ကြွယ်ဝသော်လည်း အစာလမ်းကြောင်းမှ စုပ်ယူနိုင်စွမ်းနည်း သည်။ မိခင်နို့တွင်ပါဝင်သော သံဓာတ်ကို ကလေး၏အူလမ်းကြောင်းမှ ကောင်းစွာစုပ်ယူသည်။ မွေးစကပါလာသည့် သိုလှောင်ထားသော သံဓာတ်များသည် ကလေး၏အသက် (၆)လခန့်အထိသာ လုံလောက်ပါသည်။ ထို့ကြောင့် အသက် (၆)လကျော်လျှင် ဖြည့်စွက်အစာမှသာ သံဓာတ်ရရှိပါမည်။

စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာတွင် အသား၊ ငါး၊ မျှင်ငပိ စသည်တို့ အခတ်ရော၍ ချက်ပြုတ်ခြင်း (ဥပမာ-ချဉ်ပေါင်ရွက်နှင့် ငါးချဉ်ရေ၊ ကန်စွန်းရွက်နှင့် အသားအနည်းငယ်ရောကြော်ခြင်း)၊ ဟင်းသီးဟင်းရွက်ကို အစိမ်းသုတ်စားခြင်း၊ နွမ်းရိအောင်မကြော်ချက်ခြင်းဖြင့် သံဓာတ်အာဟာရပိုမိုရရှိနိုင်သည်။ ဗီတာမင်စီကြွယ်ဝသော သစ်သီး၊ သစ်သီးဖျော်ရည် (ဥပမာ-မာလကာသီး၊ သံပုရာရည်)တို့သည် သံဓာတ်စုပ်ယူမှုကို အားကောင်းစေသဖြင့် ထမင်းစားပြီး (၂)နာရီအတွင်း စားသုံးသင့်သည်။ သံဓာတ်စုပ်ယူမှုကို နှောက်ယှက်သော လဘက်သုတ်၊ လဘက်ရည်ကြမ်းဖန်ဖန်၊ လဘက်ရည်အချိုတို့ကို ထမင်းမစားမီ (၁)နာရီ၊ စားပြီး (၂)နာရီအတွင်း မစားသုံးသင့်ပါ။

အချို့သော သန်ကပ်ပါးကောင်များသည် သွေးစုတ်ခြင်း၊ သန်ကောင်ကပ်ငြိမှုများလွန်းပါက အာဟာရစုတ်ယူခြင်းတို့ကြောင့် ကလေးများအား (၆)လတစ်ကြိမ်ခန့် သန်ချပေးရမည်။ ချိတ်သံကောင်များ အရေပြားကို ဖောက်ထွင်းမဝင်နိုင်စေရေးအတွက် ကလေးများအား အပြင်ထွက်သည့်အခါတိုင်း ဘိနပ်စီးပေးရမည်။ သန်ကောင်ကာကွယ်ရန် အစာမစားမီနှင့် အိမ်သာမှထွက်သည့်အခါတိုင်း ဆပ်ပြာနှင့် လက်ကို စင်ကြယ်စွာဆေးသင့်သည်။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။

ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။

လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။





အန္တရာယ် လက္ခဏာများ

ကိုယ်ဝန်ဆောင်များအတွက် အန္တရာယ် လက္ခဏာများ

အောက်ပါ အခြေအနေများ ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက် ချင်းပြသပါ။

Ø  မိန်းမကိုယ်မှ သွေးဆင်းခြင်း

Ø  ခေါင်းပြင်းထန်စွာကိုက်ပြီး အမြင်မှုံဝါးခြင်း

Ø  တက်ခြင်း၊ သတိလစ်ခြင်း

Ø  အန်ခြင်း၊ ရင်ညွန့် (သို့) ညာဘက်နံရိုးအောက်အောင့်ခြင်း

Ø  ဝမ်းဗိုက်အလွန်အမင်း ဆက်တိုက်နာခြင်း

Ø  ဖျားပြီး အိပ်ရာမှ မထနိုင်လောက်အောင်အားနည်းခြင်း

Ø  အသက်ရှူမြန်ခြင်း၊ အသက်ရှူခက်ခြင်း

Ø  မျက်နှာလက်နှင့် ခြေများဖောယောင်လျှင်

Ø  ဆီးသွားနည်းလျှင်

Ø  ဆက်တိုက်ပြင်းထန်စွာအန်လျှင်

Ø  ဖျားလျှင်

Ø  နေမကောင်းဖြစ်လျှင်

Ø  ဗိုက်နာလျှင်

Ø  ကိုယ်ဝန်ဆောင် ကလေးလှုပ်ရှားမှု လျော့နည်းလျှင်၊ မရှိလျှင်

မွေးပြီးစမိခင်များအတွက် အန္တရာယ်လက္ခဏာများ

မီးတွင်းချိန်တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆေးရုံ၊ဆေးခန်း၊ ကျန်းမာရေးဌာနသို့ နေ့ ညမဆိုင်းချက်ချင်းပြပါ။

Ø  သွေးဆင်းများလျှင်

Ø  ခေါင်းအလွန်ကိုက်ပြီး အမြင်မှုန်ဝါးလျှင်

Ø  တက်လျှင်

Ø  အသက်ရှူမြန်လျှင်၊ အသက်ရှူခက်ခဲလျှင်

Ø  ဖျားပြီးလျှင် အိပ်ရာမှ မထနိုင်လောက်အောင် အားနည်းလျှင်

အောက်ပါအခြေအနေများဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားပြပါ။

Ø  သားမြတ် (သို့) နို့သီးခေါင်းရောင်ခြင်း၊ နီခြင်းနှင့် ထိလျှင်နာခြင်း

Ø  ဆီးသွားရန် ခက်ခဲခြင်း၊ ဆီးထွက်ကျခြင်း

Ø  မိန်းမကိုယ်နောက်ပိုင်းပို၍ ရောင်ရမ်းနာကျင်လာခြင်း

Ø  မိန်းမကိုယ်မှ အနံ့ရှိသော အရည်များဆင်းခြင်း

မွေးကင်းစကလေးငယ်တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက အန္တရာယ်လက္ခဏာများဖြစ်သဖြင့် ဆေး ရုံ၊ဆေးခန်း၊ ကျန်းမာရေးဌာန သို့ နေ့ညမဆိုင်း ချက်ချင်းပြပါ။

Ø  နို့လုံးဝ မစို့လျှင်

Ø  အသက်ရှူခက်ခဲနေလျှင်၊ ပြာနှမ်းနေလျှင်

Ø  အသက်ရှူစဉ် ရင်ဘတ်အောက်ချိုင့်ဝင်လျှင်

Ø  အသက်ရှူမမှန်လျှင်၊ မြန်လွန်းနှေးလွန်းလျှင်

Ø  တက်လျှင် (တောင့်တင်းလျှင် (သို့) ပျော့ဖတ်လျှင်)

Ø  ဖျားလျှင် (သို့) ကိုယ်အေးစက်နေလျှင်

Ø  ချက်မှသွေးထွက်လျှင်

Ø  နို့တိုက်ခက်ခဲလျှင် (သို့) နို့စို့မှုနည်းလျှင်

Ø  အရေးပြားပေါ်ပြည်ဖုပေါက်လျှင်

Ø  ချက်တိုင်ငုတ်နီးမြန်းနေလျှင် (သို့) ပြည်ထွက်နေလျှင်

Ø  မျက်စိမှ ပြည်ထွက်လျှင်

Ø  အသားဝါလျှင်

Ø  ဖြူဖျော့လျှင်




ကိုးကား- ကျန်းမာရေးဆိုင်ရာ စံကိုက်သတင်းအချက်အလက်များ

ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးစောင့်ရှောက်ခံယူမှု အလေ့အထများ

ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူပါ။

Ø  ကျန်းမာရေးဝန်ထမ်းနှင့် ပြသ၍ ကိုယ်ဝန်စောင့်ရှောက်မှုအနည်းဆုံး (၄) ကြိမ်ခံယူပါ။

·         ပထမအကြိမ်- ကိုယ်ဝန် (၄) လအတွင်း (စောနိ်ုင်သမျှစောစော)

·         ဒုတိယအကြိမ် - ကိုယ်ဝန် (၆) လမှ (၇)လ အတွင်း

·         တတိယအကြိမ် - ကိုယ်ဝန် (၈) လအတွင်း

·         စတုတ္ထအကြိမ် - ကိုယ်ဝန် (၉)လ အတွင်း

Ø  အာဟာရပြည့်ဝစုံလင်စွာ စားပါ။ အနားယူပါ။

Ø  မူးယစ်ဆေးဝါး၊ ဆေးလိပ်အရက်နှင့် ပင်ပန်းခြင်းကိုရှောင်ကျဉ်ပါ။

Ø  ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်များကို လိုက်နာပါ။


ကျွမ်းကျင်သူနှင့်မွေးဖွားပါ

Ø  တစ်ခါသုံးမွေးဖွားအိတ်ငယ်ကို အသုံးပြုပါ

Ø  မွေးဖွားသည့်နေရာ၊ မွေးဖွားစဉ်အသုံးပြုမည့် အသုံးအဆောင်များကို သန့်ရှင်းအောင်ကြိုတင်ပြင် ဆင်ထားပါ။

Ø  ဆရာဝန် (သို့) သူနာပြု (သို့) အမျိုးသမီးကျန်းမာရေးဆရာမ (သို့) သားဖွားဆရာမ စသည့်ကျွမ်းကျင်သူ များနှင့် မွေးဖွားပါ။

Ø  ဖြစ်နိုင်ပါက ဆေးရုံဆေးခန်းတွင် မွေးဖွားပါ။


ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာဆောင်ရွက်ရန်

Ø  ရာသီကျော်၍ ကိုယ်ဝန်ရှိသည်ဟုသံသယရှိလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ကျန်းမာရေးဌာနများတွင် ကိုယ်ဝန်အပ်ပါ။

Ø  ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝမျှတရန် အစားမရှောင်ပါနှင့်။ကိုယ်ဝန်ဆောင်စဉ် အစားပိုစား ပါ။ အစားအစာ၊ ရေ သန့်ရှင်းရေးပိုမို ဂရုစိုက်ပါ။

Ø  တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ညွန်ကြားသော ဆေးဝါးများမှအပ အခြားဆေး များမသောက်ပါနှင့်။

Ø  နေ့စဉ်သင့်တော်သော ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ပြုလုပ်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ နေ့လည် ပိုင်းတွင် အနားယူပါ။ အလေးအပင်မသော အလုပ်များမလုပ်ပါနှင့်။

Ø  သန့်ရှင်းပေါ့ပါးချောင်ချိ၍ ရာသီဥတုနှင့် ကိုက်ညီသော အဝတ်အစားများကို ဝတ်ပါ။

Ø  ဆေးလိပ်၊ အရက်မသောက်ပါနှင့်။ ကွမ်းမစားပါနှင့်။ ဆေးလိပ်ငွေ့၊ မီးခိုငွေ့ အစရှိသည့် ညစ်ညမ်းသော လေထုပတ်ဝန်းကျင်မှ ရှောင်ရှားပါ။

Ø  ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများကို ရှောင်ရှားနိုင်ရန် အတွက် ဘယ်အချိန် အိပ် အိပ်ဆေးစိမ် ခြင်ထောင်ဖြင့်အိပ်ပါ။

Ø  နေမကောင်းဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်း ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်၍ ဆေး ကုသမှု ခံယူပါ။

Ø  မွေးဖွားရန် ကြိုတင်အစီအစဉ် ရေးဆွဲထားပါ။


ကိုယ်ဝန်ဆောင်စဉ် ထိုးရမည့်၊ သောက်ရမည့်ဆေးများ

Ø  မေးခိုင်ကာကွယ်ဆေး အနည်းဆုံး (၂) ကြိမ်ထိုးပါ

Ø  ကိုယ်ဝန်ဆောင် သံဓါတ်အားဆေး (ဖောလစ်အက်စစ်) နေ့စဉ်ပုံမှန်သောက်ပါ

Ø  ကိုယ်ဝန် (၄) လကျော်လျှင် သံချဆေး (၁) ကြိမ်သောက်ပါ

Ø  ကလေးမမွေးခင် (၁) လမှ မွေးဖွားပြီး (၃) လ အထိ ဗီတာမင် ဘီဝမ်းကို ညွန်ကြားထားသည့် အတိုင်း သောက်ပါ





ကိုးကား- ကျန်းမာရေးဆိုင်ရာ စံကိုက်သတင်းအချက်အလက်များ

ကိုယ်ဝန်ဆောင်မိခင် အာဟာရ

အဟာရချို့တဲ့သော ကိုယ်ဝန်ဆောင်များသည်  ကိုယ်ဝန်ပျက်လွယ်ခြင်း၊ ကိုယ်ဝန်လမေစ့မီ မွေးဖွား ခြ င်း၊ မွေးဖွားရာတွင်အခက်အခဲရှိ ခြ င်း၊ မွေးဖွားစဉ် မိခင်အသက်ဆုံးရှုံးတတ် ခြ င်းစေသာ အန္တရာယ်များရှိသည်။

အာဟာရချို့တဲ့သော မိခင်များမှေမွးဖွားလာသော ကလေးငယ်များသည် မွေးဖွားမှုဒဏ်ကို မခံနိုင်၍ အသေ မွေးခြင်း၊ မွေးစတွင် ကိုယ်အေလးချိန်မ ပြ ည့် ခြ င်း၊ နို့စို့ကလေးအရွယ်တွင် ကျန်းမာရေးနှင့် မပြ ည့်စုံသည့်အပြ င် ကျောင်းသားအရွယ်တွင်လည်း ကာယ၊ ဉာဏဖွံ့ဖြိုးမှုလျာ့နည်း ခြ င်းများလည်း ဖြ စ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်များ၏ သားအိမ်တွင် သန္ဓေသားငယ် သည် မုန်ညင်းစေ့ပမာဏမှ အနည်းဆုံး ငါးပေါင်ခွဲခန့်

ရှိသော သန္ဓေသား အဖြစ်သို့ ကြီးထွားဖွံ့ဖြိုးလာသည်။ သန္ဓေသားငယ်၏ အရိုး၊ အသား၊ အေသွးများ တည်ဆောက် ရေးအတွက် လိုအပ်သောအာဟာရကို မိခင်၏နေ့စဉ် စားသုံးသော အစာများမှလည်းကောင်း၊ မိခင်ကိုယ်တွင်းမှ လည်းကောင်း ဝေမျှယူရသည်။

သန္ဓေသားငယ် သည် ထိုအချိန်တွင် မိမိ၏ခန္ဓာကိုယ် တည်ဆောက်မှုအတွက်သာမက မွေး ပြီး ခြေ ာက်လ အရွယ်အထိ လိုအပ်သော သံဓာတ်၊ ဗီတာမင်အေ စသည်တို့ကိုလည်း သိုမှီး စုဆောင်း တတ်လေသည်။ မိခင်သည် အဆိုပါ အာဟာရ ဓာတ်များ ချို့တဲ့နေပါ ကလေးငယ်၏ သိုမှီးမှုမှာလည်း လျော့နည်းနေတတ်သည်။

ပဋိသန္ဓေတည်ပြီး ပထမ ရက်သတ္တပတ် (၁၂) ပတ်အတွင်၌၊ သန္ဓေသားငယ် သည် အောင်စဝက် (၁ ကျပ်သား ခန့်) နှင့် အရွယ် ၂ လက်မခန့်သာ ရှိသည်။ ကျန် (၂၈)ပတ်အတွင်း၌ ကလေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုမှာ အလွန်မြန်သည်။ သို့ဖြ စ်၍ မိခင်အာဟာရ လိုအပ်ချက်မှာ ကိုယ်ဝန်ဒုတိယနှင့် တတိယသုံးလပတ်တွင် ပိုမိုများ ပြ ား ပါသည်။

ကိုယ်ဝန်ရှိစဉ်ကာလတွင် မိခင်၏သားအိမ်သည် ဖွံ့ဖြိုးနေသော သန္ဓေသားအတွက် ကြီးမားကြယ်ပြန့်လာသည်။ 

သန္ဓေသားအတွက် အချင်းကိုလည်း မိခင် အသွေးအသားမှ တည်ဆောက်ယူသည်။ နို့ချိုတိုက်ကြွေးရန်အတွက် မိခင်၏သား မြ တ်သည် ကြီးထွားလာသည်။ မွေး ပြီးကာလတွင် နို့ချိုတိုက်ကျွေးရန် အာဟာရများ ရရှိရေးအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အဆီ ပြ င် စုဆောင်းမှု ရှိလာသည်။

မိခင်၏ သွေးထုထည်သည် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ပိုမိုများလာသဖြင့်  သွေးသစ် ဖြစ်ထွန်းမှုအတွက် ် အာဟာရလိုအပ်ချက် များလာသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် သာမန်ထက် ထမင်းတစ်နပ်ပိုစားပါ။ ထမင်းကို လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ပဲအမျိုးမျိုး တို့နှင့်စားပါ။ နွားနို့သောက်ပါ။ သင့်ကလေး ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် ဟင်းချက်ရာတွင် အိုင်အိုဒင်းဆားသုံးပါ။


ကိုးကား- အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ လူထုအတွင်း (၂) နှစ်အောက်ကလေးငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးခြင်း သင်တန်း မှ သော့ချက်မှာကြားချက်များစာအုပ်၊

ပဓာနကျသော အာဟာရလုပ်ငန်း (၇) ရပ်

ပဓာနကျသော အာဟာရလုပ်ငန်း (၇) ရပ်ကို သိပါသလား?

၁။ အမျိုးသမီးများအတွက် အကောင်းဆုံးအာဟာရကို မြှင့်တင်ခြင်း

၂။ သံဓာတ်နှင့် ဖောလစ်အက်စစ်ဆေးပြား အလုံအလောက်စားသုံးမှုကို မြှင့်တင်ခြင်း၊ အမျိုးသမီးနှင့် ကလေးများတွင်သွေးအားနည်းခြင်းကို ကာကွယ်ခြင်း

၃။ မိသားစုဝင်တိုင်း အိုင်အိုဒင်းအလုံအလောက် စားသုံးမှုကို မြှင့်တင်ခြင်း

၄။ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးမှုကို မြှင့်တင်ခြင်း

၅။ အသက် (၆)လပြည့်လျှင် ဖြည့်စွက်စာကို အကောင်းဆုံးစတင်ကျွေးမွေး၍ အသက်(၂)နှစ်နှင့် ကျော်သည် အထိ မိခင်နို့ဆက်လက်တိုက်ကျွေးမှုအား မြှင့်တင်ခြင်း

၆။ ဖျားနာပြီး အလွန်အမင်းအာဟာရချို့တဲ့နေသော ကလေးများကို အကောင်းဆုံးအာဟာရ စောင့်ရှောက်မှု မြှင့်တင်ခြင်း

၇။ အမျိုးသမီးနှင့် ကလေးများတွင် ဗစ်တာမင် အေ ချို့တဲ့မှုကို ကာကွယ်ခြင်း


အဆိုပါလုပ်ငန်းများသည် တန်းတူအရေးကြီးပြီး ဘဝသံသရာစက်ဝန်းအတိုင်း စီစဉ်ထားသည်။


 အမျိုးသမီးများကို ကိုယ်ဝန်မဆောင်မီကတည်းက အာဟာရနဲ့ ပတ်သက်ပြီး ဂရုစိုက်ဖို့ဘာကြောင့် အရေးကြီး တာလဲ?

လက်ရှိကာလတွင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ဒုတိယနှင့် တတိယသုံးလ မတိုင်မီ ရရှိနိုင်ခြေနည်းပါးသည်။ ထို့ကြောင့် ကိုယ်ဝန်စဆောင်ချိန်နှင့် ကိုယ်ဝန်ဆောင် ပထမသုံးလ ကာလ သည် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးကြီးပြီး ထိခိုက်လွယ်ချိန်ဖြစ်နေသည်။

ကိုယ်ဝန်မဆောင်မီကာလ ဆိုတာဘယ်အချိန်ကို ပြောတာလဲ?

ကလေးယူမည်ဟု ဇနီးမောင်နှံက ဆုံးဖြတ်ချိန်နှင့် ကိုယ်ဝန်စရသည့်အချိန်အကြား အပတ် (သို့) လ အချိန် ကာလဖြစ်သည်။

ကိုယ်ဝန်မဆောင်မီကာလနှင့် ပျိုဖော်ဝင်ချိန် တူပါသလား?

•             ပျိုဖော်ဝင်ချိန်နှင့် ကိုယ်ဝန်မဆောင်မီကာလသည် မတူပါ။

•             ပျိုဖော်ဝင်ချိန်တွင် ကိုယ်ဝန်မဆောင်သင့်ပါ။

•             ပျိုဖော်ဝင်ချိန်နှင့် ပထမဆုံးကိုယ်ဝန်ဆောင်ချိန်သည် နှစ်ပေါင်းများစွာ ကွာခြားသင့်သည်။

ကိုယ်ဝန်မဆောင်မီ ဒါမှမဟုတ် ကိုယ်ဝန်စရှိတာနဲ့ အာဟာရပြည့်ဝနေဖို့ ဘာကြောင့် အရေးကြီးတာလဲ?

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အနည်းလိုအာဟာရတစ်ခုဖြစ်သော ဖောလစ်အက်စစ်သည် သန္ဓေသား၏ Neural tube (နောင် ဦးနှောက်နှင့် အာရုံကြောဖြစ်လာမည့်အရာ) တည်ဆောက်ဖို့ လိုအပ်သော အရေးကြီး အာဟာရဖြစ်သည်။ Neural tube သည် ကိုယ်ဝန်ဆောင် ၄ ပတ်တွင် ပိတ်သွားသည်။ Neural tube ကို တည်ဆောက်နေချိန် ကိုယ်ဝန်ဆောင်ပထမ ၄ ပတ်အတွင်း ဖောလစ်အက်စစ် အာဟာရကို လုံလောက်စွာ မရခဲ့ပါက နောင်ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်လာနိုင်သည်။ သို့ဆိုလျှင် အများအားဖြင့် အမျိုးသမီးများသည် မိမိကိုယ်ဝန်ရှိကြောင်း မည်သည့်အချိန်တွင် သိရှိကြသနည်း။ မည်သည့်အချိန်တွင် ကိုယ်ဝန်ကို အပ်လေ့ရှိသနည်း။ အများအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် Neural tube ပိတ်ချိန်ကို ကျော်လွန်မှသာ မိမိကိုယ်ဝန်ရှိသည်ကို သိပြီး ကိုယ်ဝန်အပ်လေ့ရှိကြရာ ဖောလစ်အက်စစ်ကို အမှန်တကယ်လိုအပ်ချိန်တွင် မရရှိခဲ့ကြပါ။  

 “အတိမ်းအစောင်းမခံ ရက် ၁၀ဝ၀ ကာလ” အတွင်းတွင် ဆဲလ်များ၏အရေအတွက် (သို့) အရွယ်အစားသည် အရှိန်အဟုန် လျင်မြန်စွာ ကြီးထွားလျက်ရှိပြီး ထိုကာလတွင် အာဟာရချို့တဲ့ခဲ့ပါက ဆဲလ်များအလွယ်တကူ ထိခိုက်သွားနိုင်ပါသည်။ ကြီးထွားမှုအရှိန်အမြင့်ဆုံးအချိန်သည် ထိခိုက်လွယ်မှု အကြီးမားဆုံးဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားကြီးထွားမှု အဆင့် ၃ ဆင့်ကို လေ့လာကြည့်ပါ။

ပထမ သုံးလ   = ဆဲလ်အရေအတွက် ပွားများချိန်

ဒုတိယ သုံးလ  = ဆဲလ်အရေအတွက်နှင့် အရွယ်အစား ကြီးထွားချိန်

တတိယ သုံးလ = ဆဲလ်အရွယ်အစား ကြီးထွားချိန်

ကိုယ်ဝန်ဆောင် ပထမ အပတ် ၂၀ အတွင်းတွင် သန္ဓေသား၏ဆဲလ်အရေအတွက် လျင်မြန်စွာ ပွားများလျက်ရှိပြီး သန္ဓေသား၏ အရပ်အမောင်းကို အစွမ်းကုန်တည်ဆောက်လျက်ရှိသည်။ ထိုကာလတွင် ဆဲလ်များကောင်းမွန်စွာ ပွားများရန် မိခင်သည် အနည်းလိုအာဟာရနှင့် အသားဓာတ်ကို ပိုမိုလိုအပ်နေပါသည်။ ထိုကာလအတွင်း မိခင်အာဟာရချို့တဲ့ခဲ့လျှင် ကလေး၏အရပ်အမောင်းကို မည်မျှထိခိုက်မည်ကို စဉ်းစားကြည့်ပါ။

ကိုယ်ဝန်ဆောင် ပထမ အပတ် ၂၀ ကျော်လျှင် သန္ဓေသား၏ ဆဲလ်အရွယ်အစား လျင်မြန်စွာ ကြီးထွားလာပြီး သန္ဓေသား၏ကိုယ်အလေးချိန်ကို အစွမ်းကုန်တည်ဆောက်လျက်ရှိသည်။ ထိုကာလတွင် ဆဲလ်များ၏ အရွယ်အစား ကောင်းမွန်စွာ ကြီးထွားဖို့ မိခင်သည် ကယ်လိုရီပိုမိုလိုအပ်လာသည်။

မွေးဖွားပြီးသည့်အချိန်မှ ကလေးအသက် ၂ နှစ်အထိ ကလေး၏ အရပ်အမောင်းနှင့် ကိုယ်အလေးချိန် လျင်မြန်စွာ ဆက်လက်ကြီးထွားချိန်တွင် မိခင်သည် အသားဓာတ်၊ ကစီဓာတ်နှင့် အဆီဓာတ်တို့မှ အနည်းလိုအာဟာရနှင့် ကယ်လိုရီများဆက်လက်ရရှိရန် လိုအပ်လျက်ရှိသည်။ ဤကဲ့သို့ အာဟာရစုံလင်စွာ ရရှိရန် အရေးကြီး အချိန်ကာလတွင် ရိုးရာဓလေ့၊ ယုံကြည်မှုအရ မိခင်သည် အစားအစာအားလုံးကို မစားပဲ အစားရှောင်ခဲ့လျှင် မိမိ၏ရင်သွေး၏ အရပ်အမောင်း၊ ကိုယ်အလေးချိန် ကြီးထွားမှုအား မည်မျှထိခိုက်လိမ့်မည်ကို စဉ်စားကြည့်ပါ။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။



Dr. Soe Min Oo, Stunting & First 1,000 Days Approach Presentation, ENA ToT Training, Nay Pyi Taw, 2016.

Monday, January 14, 2019

ဘဝအစ ရက်ပေါင်း တစ်ထောင် (The First 1000 Days) ဆိုတာဘာလဲ?


ဘဝအစ ရက်ပေါင်း တစ်ထောင် ဆိုသည်မှာ ကလေးတစ်ယောက်အား ကိုယ်ဝန်စလွယ် သည့် အချိန်မှစပြီး ထိုကလေး အသက်နှစ်နှစ်ပြည့်သည့်နေ ့အထိ ရှိသော ရက် စုစုပေါင်းကို ဆိုလိုပါသည်။

တွက်ကြည့်မည်ဆိုလျှင် ကိုယ်ဝန်ဆောင်ကာလ ကိုးလ တွင် စုစုပေါင်း ရက် ၂၇၀ နှင့် ကလေးအသက် ၂ နှစ်တွင် စုစုပေါင်း ရက် ၇၃၀ တို့ကိုပေါင်းလိုက်လျှင် ကနဦး ရက် ၁၀ဝ၀ ရရှိပါမည်။

ကနဦးရက်တစ်ထောင်အတွင်း မှန်ကန်သော အာဟာရများရရှိစေခြင်းသည် ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးနိုင်စွမ်း၊ သင်ယူနိုင်စွမ်းနှင့် ဘဝအောင်မြင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

ကိုယ်ဝန်ဆောင်- သန္ဓေသားသည်ဖွံ့ဖြိုးကြီးထွားရန် အတွက် မိခင်ထံမှ အာဟာရများလိုအပ်သည်။

မွေးစမှ (၆) လ- မိခင်နို့တစ်မျိုးတည်းသည် ကလေးငယ်အတွက် အကောင်းဆုံးအာဟာရဖြစ်သည့်အပြင် ရောဂါများကိုပါ ကာကွယ်ပေးသည်။

(၆) လကျော်မှ (၂) နှစ်အထိ- မိခင်နို့အပြင် အာဟာရပြည့်ဝသော အစာများသည် ကလေး၏ ကြီးထွားမှုနှင့် ဉာဏ်ရည် ဖွွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။

ကနဦးရက်တစ်ထောင်တွင် အာဟာရ ကောင်းမွန်စွာရရှိသော ကလေးများသည်

 ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ရောဂါဆိုးများကို ၁၀ ဆ ပိုမိုတွန်းလှန်နိုင်သည်

 အတန်းပညာ ၄ တန်းခန့် ပိုမိုသင်နိုင်သည်

 အရွယ်ရောက်သောအခါ ဝင်ငွေ ၂၁ % ပိုမိုရရှိသည်

 အရွယ်ရောက်သောအခါ ပိုမိုကျန်းမာသော မိသားစု ဘဝ ရရှိနိုင်သည်


References: www.thousanddays.org, ဝေါဗီရှင်မြန်မာ ကနဦးရက်တစ်ထောင် တန်ခိုး


Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...