Tuesday, January 15, 2019

သင့်ကိုယ်သင် နို့ထွက်မသန်ဘူးဟု ထင်နေပါသလား?


သင့်ကိုယ်သင် နို့ထွက်မသန်ဘူးဟု ထင်နေပါသလား?

မွေးပြီးလျှင်ပြီးချင်း ကလေးကို မိခင်ရင်ဘက်ပေါ်တင်ပြီး မိခင်နှင့် အသားချင်းထိကပ်ထားပါ။ ကလေးလက်ကိုလည်းကောင်း၊ မိခင်နို့ကိုလည်းကောင်း ဆေးကြောခြင်းမလုပ်ပါနှင့်။ ကလေးသည် မိခင်သားမြတ်ကို အနံ့၊ အမြင်ဖြင့် ရှာဖွေနိုင်ရန် ဖြစ်သည်။

မွေးပြီးစောနိုင်သမျှစောစွာ ကလေးက အဆင်သင့်ဖြစ်သည်နှင့် မိခင်နို့တိုက်ကျွေးပါ။ ကလေးသည် လှုပ်ရှားလာပြီး မိခင်သားမြတ်ကို မိမိဘာသာရှာလိမ့်မည်။ ထိကပ်မှုမှန်ကန်စွာ နို့စို့စေရန် အသေအချာကြည့်ပါ။ မကြာခဏ မိခင်နို့တိုက်ကျွေးပါ- နို့စို့များမှ နို့ထွက်များသည်။

ပထမနို့ကို ကလေးသူ့အလိုအလျောက်လွှတ်ပြီးမှ ဒုတိယသားမြတ်ဘက်သို့ ပြောင်းတိုက်ပါ။ မိခင်နို့တစ်မျိုး တည်းသာတိုက်ပါ။ အခြားအရည်၊ ရေ၊ အစာများမတိုက်ကျွေးပါနှင့်။

ကလေးကို မိခင်ရင်ခွင်တွင်လည်းကောင်း၊ အသားချင်းကပ်လျက်လည်းကောင်း ထားပါ။ သို့မှသာ ကလေးသောက်စို့လိုတိုင်း မိခင်မှ နို့တိုက်ကျွေးနိုင်သည်။ ညအချိန်တွင်လည်း နို့တိုက်ပါ။

ကလေးနှင့် ခေတ္တခဏခွဲခွာနေရပါက မိမိနို့ရည်ကို ကလေးသောက်စို့ရန် ညှစ်ထားခဲ့ပါ။ ဤသို့ပြုလုပ်ခြင်းသည် နို့တင်းခြင်းကိုလည်း သက်သာစေသည်။

မိခင်နို့တိုက်နေစဉ် ရေ/အရည်များများ သောက်ပါ။ ခါတိုင်းထက် ပိုစားပါ။


ထိကပ်မှုမှန်ကန်စွာ နို့စို့တယ်ဆိုတာ ဘာကို ပြောတာလဲ?

ထိကပ်မှုကောင်းစွာ မိခင်နို့တိုက်ခြင်း (နို့ငုံကောင်းခြင်း) သည် ကလေးကမိခင်နို့ကို ထိရောက်စွာစို့ယူနိုင်သဖြင့် မိခင်နို့ထွက်သန်လာစေသည်။ ထိကပ်မှုမှန်ကန်ခြင်းသည် နို့သီးခေါင်းနာခြင်း၊ ကွဲခြင်းကို ကာကွယ်သည်။


ထိကပ်မှုမှန်ကန်စွာ နို့စို့ခြင်း လက္ခဏာ (၄) ခုရှိသည်-

(၁) ကလေး ပါးစပ်ကျယ်ကျယ်ပွင့်နေခြင်း၊ (၂) ကလေးပါးစပ်အပေါ်ဘက်တွင် အမည်းကွင်းပိုမြင်နိုင်ခြင်း၊ (၃)ကလေး၏အောက်နှုတ်ခမ်းများလန်နေခြင်း၊ (၄)ကလေးမေးစေ့နှင့် မိခင်သားမြတ်ထိနေခြင်း


ထိကပ်မှုကောင်းစွာနို့စို့နိုင်ရန် -

·         သင့်နို့သီးခေါင်းနှင့် ကလေးနှုတ်ခမ်းများ ထိတွေ့ပါ။

·         ကလေးပါးစပ်ကျယ်ကျယ်ပွင့်လာသည်အထိ စောင့်ပါ။

·         နို့သီးခေါင်းကို အာခေါင်ဆီသို့ ချိန်ရွယ်လျက် သားမြတ်အောက်မှနေ၍ ကလေးကို သားမြတ်ဆီသို့ လျင်မြန်စွာရွှေ့ယူပါ။

·         ကလေးသည် သားမြတ်သားများများကို ပါးစပ်တွင်းသို့ ဆွဲသွင်းစုပ်ယူရမည်။


ထိရောက်စွာနို့စို့ခြင်းဆိုတာ ဘယ်လိုလဲ?

ထိရောက်စွာနို့စို့ခြင်းသည် ကလေးကိုတင်းတိမ်မှုရှိစေပြီး နို့ထွက်သန်စေသည်။ ထိရောက်စွာနို့စို့ခြင်း လက္ခဏာ (၄) ခုရှိသည် -

(၁)ကလေးသည် နက်ရှိုင်းစွာစို့ယူမှုနှင့် နားခြင်းများရှိသည်။ (၂)ကလေးနို့မျိုချသံကို ကြားနိုင်သည်။ (၃)မိခင်သည် နာကျင်မှုမရှိ၊ သက်သောင့်သက်သာရှိနေမည်။ (၄)နို့ဝသောအခါ ကလေးသည် နို့ကိုသူ့အလိုအလျောက် လွှတ်လိုက်သည်။ ကလေးကို ကြည့်ရသည်မှာ အာသာပြေပြီး တင်းတိမ်မှုရှိနေသည်။

ကလေးက သူ့အလိုအလျောက် သားမြတ်တစ်ဖက်ကို လွှတ်လိုက်မှ နောက်တစ်ဖက်ကိုပေးပါ။ ကလေးသည် သားမြတ်နှစ်ဖက်လုံးစို့သည့်အတွက် နှစ်ဖက်လုံးနို့ထွက်ကောင်းစေသည်။


ဘယ်လို အနေအထားမှန်ကန်စွာ နို့တိုက်ရမလဲ?

·         ကလေး၏ဦးခေါင်းနှင့် ကိုယ် တစ်ဖြောင့်တည်း ရှိသင့်သည်။ ဦးခေါင်းအနည်းငယ် နောက်သို့လန်နေစေရမည်။

·         ကလေး၏မျက်နှာနှင့် သားမြတ် မျက်နှာချင်းဆိုင်ရှိရမည်။

·         မိခင်နှင့် ကလေးနီးကပ်စွာရှိရမည်။

·         မိခင်သည် ကလေးတစ်ကိုယ်လုံးကို မိမိလက်၊ လက်မောင်းတို့နှင့် ပင့်မထားရမည်။


References:



လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...