Tuesday, January 15, 2019

ဗီတာမင်အေ က ဘာအတွက်အရေးကြီးသလဲ။

ဗီတာမင်အေ က ဘာအတွက်အရေးကြီးသလဲ။

ဗီတာမင်အေ (Retinol) သည် အဆီတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည်။ ဗီတာမင်အေ သည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ မျက်စိအမြင်ရရှိမှု၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းနှင့် ဆီးလမ်းကြောင်းအတွင်းရှိ အမြှေးပါးများ သန်စွမ်းရန်အတွက် လိုအပ်သည်။ ဗီတာမင်အေသည် ခန္ဓာကိုယ်တွင်း၌ ရောဂါခုခံအားကောင်းမွန်စေရန်လည်း လိုအပ်ပါသည်။


ဗီတာမင်အေချို့တဲ့ရင် ဘာတွေဖြစ်တတ်သလဲ။

ဗီတာမင်အေချို့တဲ့သောကလေးများသည် ကျန်းမာရေးချို့တဲ့ကာ မျက်စိတွင် ဗီတာမင်အေချို့တဲ့မျက်စိရောဂါ လက္ခဏာများ (ကြက်မျက်သင့်ခြင်း၊ ရေမြှပ်သဏ္ဍန် အစက်ဖြစ်ခြင်း၊ မျက်ကြည်ခြောက်သွေ့ခြင်း၊ မျက်ကြည်အနာဖြစ်ခြင်း၊ ဗီတာမင်ချို့တဲ့မျက်ကြည်တိမ်စွဲမှု) အဆင့်ဆင့်ဖြစ်ပေါ်တတ်သည်။

ဗီတာမင်အေချို့တဲ့မှုမျက်စိရောဂါသည် အသက် (၅)နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ ပရိုတင်း အင်အားချို့တဲ့မှုရောဂါ၊ နာတာရှည်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်ရောဂါဖြစ်သော ကလေးများတွင် ဗီတာမင်အေချို့တဲ့မှု ပြင်းထန်စွာဖြစ်တတ်ပြီး မျက်စိကွယ်သည်အထိ ရောဂါဆိုးတတ်ပါသည်။ အချို့ဒေသ များတွင် ကိုယ်ဝန်ဆောင်မိခင်များလည်း ဗီတာမင်အေချို့တဲ့၍ အလင်းရောင်နည်းချိန်တွင် မျက်စိမမြင်သည့် လက္ခဏာများ ဖြစ်ပေါ်တတ်သည်။


ဗီတာမင်အေ ဘာကြောင့်ချို့တဲ့နိုင်သလဲ။

ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင်အေကြွယ်ဝသော အစားအစာများမစားသုံးပါက မွေးစကလေးငယ်တွင် ဗီတာမင်အေသိုမှီးမှု နည်းစွာနှင့် မွေးဖွားလာနိုင်သည်။ မိခင်နို့ဦးရည်သည် ဗီတာမင်အေကြွယ်ဝသောအစာ ဖြစ်၍ နို့ဦးရည်ကို ကလေးအားမတိုက်ကျွေးပဲ ညှစ်ပစ်ပါက ဗီတာမင်အေ ရရှိမှုနည်းပါးနိုင်သည်။ မိခင်နို့ကို မတိုက်ပဲ နို့ဆီ၊ နို့မှုန့်များကိုသာ တိုက်ကျွေးပါက ဗီတာမင်အေရရှိမှု နည်းပါးနိုင်သည်။ ဖြည့်စွက်စာတွင် ဗီတာမင်အေ ကြွယ်ဝသောအစာများ မပါဝင်ပါက ဗီတာမင်ချို့တဲ့နိုင်ပါသည်။

မကြာခဏ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်း၊ သန်ကောင်ရောဂါစွဲကပ်ခြင်းတို့ကြောင့် ဗီတာမင်အေ စိမ့်စုပ်မှု လျော့နည်းစေပြီး၊ ဗီတာမင်အေချို့တဲ့စေနိုင်သည်။ အသက်ရှူလမ်းကြောင်းချို့တဲ့ရောဂါများသည် ဗီတာမင် လိုအပ်ချက်ပိုလာခြင်း၊ ဗီတာမင်အေစိမ့်စုပ်မှု လျော့နည်းစေခြင်းတို့ကြောင့် ဗီတာမင်အေ ချို့တဲ့စေ နိုင်သည်။ ပရိုတင်းအင်အားချို့တဲ့မှုရောဂါဖြစ်သော ကလေးများတွင် ဗီတာမင်အေ သယ်ပို့မှုလုပ်ငန်းအတွက် ပရိုတင်း ဓာတ်များ လျော့နည်း၍ ဗီတာမင်အေချို့တဲ့မှုဖြစ်ပေါ်တတ်သည်။


ဗီတာမင်အေ မချို့တဲ့အောင် ဘယ်လိုကာကွယ်မလဲ။

ဗီတာမင်အေကြွယ်ဝသောအစားအစာများစားသုံးခြင်း၊ နေ့စဉ်အစာတွင် ဗီတာမင်အေဖြည့်စွက်ခြင်း၊ အင်အားပြည့်ဗီတာမင်အေဆေး (Retinol) တိုက်ကျွေးခြင်းဖြင့် ဗီတာမင်အေ မချို့တဲ့စေရန် ကာကွယ်နိုင်ပါ သည်။


ဘယ်အစားအစာတွေက ဗီတာမင်အေကြွယ်ဝသလဲ။

အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့၊ ထောပတ်၊ ဒိန်ခဲတို့တွင် ဗီတာမင်အေကြွယ်ဝသည်။ မွေးစကလေးများကို နို့ဦး ရည်ကြည်တိုက်ကျွေးခြင်း၊ အသက် (၆) လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း၊ ဖြည့်စွက်အစာများတွင် အသက်အရွယ်အလိုက် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥနှင့် အစိမ်းရင့် ရောင်ဟင်းရွက်များကို ထည့်သွင်းကျွေးမွေးခြင်းဖြင့်လည်းကောင်း၊ အသည်း၊ ဥတို့ကိုလည်း မကြာခဏ ကျွေးမွေးခြင်းဖြင့်လည်းကောင်း ဗီတာမင်အေကို ပြည့်ဝစေနိုင်သည်။ အိမ်ခြံသီးနှံစိုက်ပျိုးခြင်း၊ တနိုင်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဗီတာမင်အေကြွယ်ဝသော အစားအစာများပိုမိုစားသုံးနိုင်မည် ဖြစ်သည်။


အင်အားပြည့် ဗီတာမင်အေဆေး ဘယ်လိုတိုက်ကျွေးသလဲ။

(က) နို့တိုက်မိခင်အား မွေးပြီးတစ်လအတွင်း ဗီတာမင်အေ ယူနစ် ၂ သိန်းအား တစ်ကြိမ်၊

(ခ) အသက် (၆)လမှ (၁)နှစ်အတွင်း ကလေးအား ဗီတာမင်အေ ယူနစ် တစ်သိန်းအားတစ်ကြိမ်၊

(ဂ) အသက် (၁) နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေ ယူနစ် ၂ သိန်းအားကို (၆) လတစ်ကြိမ် တိုက်ကျွေးရပါမည်။


ဘယ်သူတွေကို ဗီတာမင်အေဆေးတောင့် မတိုက်ကျွေးသင့်ဘူးလဲ။

(က) အသက် (၆) လအောက်ကလေးများ

(ခ) ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အင်အားပြည့်ဗီတာမင်အေဆေး မတိုက်ကျွေးရပါ။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။

ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။



လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...