Tuesday, January 15, 2019

ပဓာနကျသော အာဟာရလုပ်ငန်း (၇) ရပ်

ပဓာနကျသော အာဟာရလုပ်ငန်း (၇) ရပ်ကို သိပါသလား?

၁။ အမျိုးသမီးများအတွက် အကောင်းဆုံးအာဟာရကို မြှင့်တင်ခြင်း

၂။ သံဓာတ်နှင့် ဖောလစ်အက်စစ်ဆေးပြား အလုံအလောက်စားသုံးမှုကို မြှင့်တင်ခြင်း၊ အမျိုးသမီးနှင့် ကလေးများတွင်သွေးအားနည်းခြင်းကို ကာကွယ်ခြင်း

၃။ မိသားစုဝင်တိုင်း အိုင်အိုဒင်းအလုံအလောက် စားသုံးမှုကို မြှင့်တင်ခြင်း

၄။ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးမှုကို မြှင့်တင်ခြင်း

၅။ အသက် (၆)လပြည့်လျှင် ဖြည့်စွက်စာကို အကောင်းဆုံးစတင်ကျွေးမွေး၍ အသက်(၂)နှစ်နှင့် ကျော်သည် အထိ မိခင်နို့ဆက်လက်တိုက်ကျွေးမှုအား မြှင့်တင်ခြင်း

၆။ ဖျားနာပြီး အလွန်အမင်းအာဟာရချို့တဲ့နေသော ကလေးများကို အကောင်းဆုံးအာဟာရ စောင့်ရှောက်မှု မြှင့်တင်ခြင်း

၇။ အမျိုးသမီးနှင့် ကလေးများတွင် ဗစ်တာမင် အေ ချို့တဲ့မှုကို ကာကွယ်ခြင်း


အဆိုပါလုပ်ငန်းများသည် တန်းတူအရေးကြီးပြီး ဘဝသံသရာစက်ဝန်းအတိုင်း စီစဉ်ထားသည်။


 အမျိုးသမီးများကို ကိုယ်ဝန်မဆောင်မီကတည်းက အာဟာရနဲ့ ပတ်သက်ပြီး ဂရုစိုက်ဖို့ဘာကြောင့် အရေးကြီး တာလဲ?

လက်ရှိကာလတွင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ဒုတိယနှင့် တတိယသုံးလ မတိုင်မီ ရရှိနိုင်ခြေနည်းပါးသည်။ ထို့ကြောင့် ကိုယ်ဝန်စဆောင်ချိန်နှင့် ကိုယ်ဝန်ဆောင် ပထမသုံးလ ကာလ သည် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးကြီးပြီး ထိခိုက်လွယ်ချိန်ဖြစ်နေသည်။

ကိုယ်ဝန်မဆောင်မီကာလ ဆိုတာဘယ်အချိန်ကို ပြောတာလဲ?

ကလေးယူမည်ဟု ဇနီးမောင်နှံက ဆုံးဖြတ်ချိန်နှင့် ကိုယ်ဝန်စရသည့်အချိန်အကြား အပတ် (သို့) လ အချိန် ကာလဖြစ်သည်။

ကိုယ်ဝန်မဆောင်မီကာလနှင့် ပျိုဖော်ဝင်ချိန် တူပါသလား?

•             ပျိုဖော်ဝင်ချိန်နှင့် ကိုယ်ဝန်မဆောင်မီကာလသည် မတူပါ။

•             ပျိုဖော်ဝင်ချိန်တွင် ကိုယ်ဝန်မဆောင်သင့်ပါ။

•             ပျိုဖော်ဝင်ချိန်နှင့် ပထမဆုံးကိုယ်ဝန်ဆောင်ချိန်သည် နှစ်ပေါင်းများစွာ ကွာခြားသင့်သည်။

ကိုယ်ဝန်မဆောင်မီ ဒါမှမဟုတ် ကိုယ်ဝန်စရှိတာနဲ့ အာဟာရပြည့်ဝနေဖို့ ဘာကြောင့် အရေးကြီးတာလဲ?

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အနည်းလိုအာဟာရတစ်ခုဖြစ်သော ဖောလစ်အက်စစ်သည် သန္ဓေသား၏ Neural tube (နောင် ဦးနှောက်နှင့် အာရုံကြောဖြစ်လာမည့်အရာ) တည်ဆောက်ဖို့ လိုအပ်သော အရေးကြီး အာဟာရဖြစ်သည်။ Neural tube သည် ကိုယ်ဝန်ဆောင် ၄ ပတ်တွင် ပိတ်သွားသည်။ Neural tube ကို တည်ဆောက်နေချိန် ကိုယ်ဝန်ဆောင်ပထမ ၄ ပတ်အတွင်း ဖောလစ်အက်စစ် အာဟာရကို လုံလောက်စွာ မရခဲ့ပါက နောင်ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်လာနိုင်သည်။ သို့ဆိုလျှင် အများအားဖြင့် အမျိုးသမီးများသည် မိမိကိုယ်ဝန်ရှိကြောင်း မည်သည့်အချိန်တွင် သိရှိကြသနည်း။ မည်သည့်အချိန်တွင် ကိုယ်ဝန်ကို အပ်လေ့ရှိသနည်း။ အများအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် Neural tube ပိတ်ချိန်ကို ကျော်လွန်မှသာ မိမိကိုယ်ဝန်ရှိသည်ကို သိပြီး ကိုယ်ဝန်အပ်လေ့ရှိကြရာ ဖောလစ်အက်စစ်ကို အမှန်တကယ်လိုအပ်ချိန်တွင် မရရှိခဲ့ကြပါ။  

 “အတိမ်းအစောင်းမခံ ရက် ၁၀ဝ၀ ကာလ” အတွင်းတွင် ဆဲလ်များ၏အရေအတွက် (သို့) အရွယ်အစားသည် အရှိန်အဟုန် လျင်မြန်စွာ ကြီးထွားလျက်ရှိပြီး ထိုကာလတွင် အာဟာရချို့တဲ့ခဲ့ပါက ဆဲလ်များအလွယ်တကူ ထိခိုက်သွားနိုင်ပါသည်။ ကြီးထွားမှုအရှိန်အမြင့်ဆုံးအချိန်သည် ထိခိုက်လွယ်မှု အကြီးမားဆုံးဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားကြီးထွားမှု အဆင့် ၃ ဆင့်ကို လေ့လာကြည့်ပါ။

ပထမ သုံးလ   = ဆဲလ်အရေအတွက် ပွားများချိန်

ဒုတိယ သုံးလ  = ဆဲလ်အရေအတွက်နှင့် အရွယ်အစား ကြီးထွားချိန်

တတိယ သုံးလ = ဆဲလ်အရွယ်အစား ကြီးထွားချိန်

ကိုယ်ဝန်ဆောင် ပထမ အပတ် ၂၀ အတွင်းတွင် သန္ဓေသား၏ဆဲလ်အရေအတွက် လျင်မြန်စွာ ပွားများလျက်ရှိပြီး သန္ဓေသား၏ အရပ်အမောင်းကို အစွမ်းကုန်တည်ဆောက်လျက်ရှိသည်။ ထိုကာလတွင် ဆဲလ်များကောင်းမွန်စွာ ပွားများရန် မိခင်သည် အနည်းလိုအာဟာရနှင့် အသားဓာတ်ကို ပိုမိုလိုအပ်နေပါသည်။ ထိုကာလအတွင်း မိခင်အာဟာရချို့တဲ့ခဲ့လျှင် ကလေး၏အရပ်အမောင်းကို မည်မျှထိခိုက်မည်ကို စဉ်းစားကြည့်ပါ။

ကိုယ်ဝန်ဆောင် ပထမ အပတ် ၂၀ ကျော်လျှင် သန္ဓေသား၏ ဆဲလ်အရွယ်အစား လျင်မြန်စွာ ကြီးထွားလာပြီး သန္ဓေသား၏ကိုယ်အလေးချိန်ကို အစွမ်းကုန်တည်ဆောက်လျက်ရှိသည်။ ထိုကာလတွင် ဆဲလ်များ၏ အရွယ်အစား ကောင်းမွန်စွာ ကြီးထွားဖို့ မိခင်သည် ကယ်လိုရီပိုမိုလိုအပ်လာသည်။

မွေးဖွားပြီးသည့်အချိန်မှ ကလေးအသက် ၂ နှစ်အထိ ကလေး၏ အရပ်အမောင်းနှင့် ကိုယ်အလေးချိန် လျင်မြန်စွာ ဆက်လက်ကြီးထွားချိန်တွင် မိခင်သည် အသားဓာတ်၊ ကစီဓာတ်နှင့် အဆီဓာတ်တို့မှ အနည်းလိုအာဟာရနှင့် ကယ်လိုရီများဆက်လက်ရရှိရန် လိုအပ်လျက်ရှိသည်။ ဤကဲ့သို့ အာဟာရစုံလင်စွာ ရရှိရန် အရေးကြီး အချိန်ကာလတွင် ရိုးရာဓလေ့၊ ယုံကြည်မှုအရ မိခင်သည် အစားအစာအားလုံးကို မစားပဲ အစားရှောင်ခဲ့လျှင် မိမိ၏ရင်သွေး၏ အရပ်အမောင်း၊ ကိုယ်အလေးချိန် ကြီးထွားမှုအား မည်မျှထိခိုက်လိမ့်မည်ကို စဉ်စားကြည့်ပါ။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။



Dr. Soe Min Oo, Stunting & First 1,000 Days Approach Presentation, ENA ToT Training, Nay Pyi Taw, 2016.

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...