Tuesday, January 15, 2019

အမျိုးသမီးတစ်ယောက် အာဟာရမပြည့်ခဲ့ရင် ဘာအကျိုးဆက်တွေ ဆက်ဖြစ်နိုင်သလဲ?


အမျိုးသမီးတစ်ယောက် အာဟာရမပြည့်ခဲ့ရင် ဘာအကျိုးဆက်တွေ ဆက်ဖြစ်နိုင်သလဲ?

ဆယ်ကျော်သက်မိန်းကလေးတစ်ဦး အာဟာရမပြည့်ခဲ့ရင် နောင်တစ်ချိန်မှာ အာဟာရမပြည့်ဝတဲ့ အမျိုးသမီး တစ်ဦးအနေနဲ့ ကိုယ်ဝန်ဆောင်ပြီး အာဟာရမပြည့်၊ ပေါင်မပြည့်တဲ့ ကလေးကို မွေးဖွားရနိုင်တယ်။ အဲဒီကလေး ဟာ အာဟာရမပြည့်တဲ့ သမီးမိန်းကလေးအနေနဲ့ ကြီးလာပြီး ပုညှက်တဲ့ ဆယ်ကျော်သက်မိန်းကလေး ပြန်ဖြစ် လာလိမ့်မယ်။ ဒါဟာ မျိုးရိုးလိုက်နေတဲ့ အာဟာရချို့တဲ့ခြင်း သံသရာစက်ဝန်း ဖြစ်တယ်။


အမျိုးသမီးအာဟာရ မပြည့်ဝခြင်း၏ ဖြစ်နိုင်ခြေအကျိုးဆက်များ

·         ခုခံစွမ်းအားကျဆင်းခြင်းကြောင့် ရောဂါကူးစက်လွယ်ခြင်း

·         အားနည်းခြင်း၊ မောပမ်းလွယ်ခြင်းကြောင့် လုပ်အားကျဆင်းခြင်း

·         သေးငယ်သော အရိုးဖွဲ့စည်းမှုကြောင့် မွေးဖွားရာတွင် ခက်ခဲခြင်း

·         မွေးဖွားစဉ် အခက်အခဲများပိုမိုဖြစ်ပွားလွယ်ခြင်းကြောင့် မွေးဖွားစဉ် သေဆုံးနိုင်ခြေများခြင်း

·         အကယ်၍ မွေးဖွားစဉ်နှင့် မွေးဖွားအပြီး သွေးသွန်ခဲ့ပါက သေဆုံးနိုင်ခြေများခြင်း


ဆယ်ကျော်သက်အရွယ်ကိုယ်ဝန်ဆောင်ရင် ဘာဖြစ်နိုင်သလဲ?

ကြီးထွားရွယ်မကုန်သေးတဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မိခင်နဲ့ ကြီးထွားဆဲသန္ဓေသားတို့ဟာ အာဟာရတွေ အပြိုင်လုနေကြရတယ်။ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မိခင်ဟာ ကြီးထွားဆဲအရွယ် ဖြစ်ခဲ့ရင် အရိုးကွင်းကျဉ်းတဲ့အတွက် မွေးဖွားရ ပိုပြီးခက်ခဲနိုင်တယ်။ အသက် ၂၀ အရွယ် (သို့မဟုတ်) ကျော်မှ သားဦးကိုယ်ဝန်ဆောင်ပါ။


ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ဘာတွေကို ဘယ်လိုစားမလဲ? ဘာတွေလုပ်ရမလဲ?

သာမန်ထက် ထမင်းတစ်နပ်ပိုစားပါ။ ထမင်းကို လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ပဲအမျိုးမျိုးတို့နှင့် စားပါ။ နွားနို့သောက်ပါ။ သင့်ကလေး ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် ဟင်းချက်ရာ တွင် အိုင်အိုဒင်းဆားသုံးပါ။ သွေးအားနည်းခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်နှင့် မွေးပြီး အနည်းဆုံး ၃-လအထိ သံဓာတ်နှင့် ဖောလစ်အက်စစ်ဆေးသောက်ပါ။ သင့်ကို သွေးအားနည်းခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ဆောင်စဉ် သန်ချဆေးတစ်ကြိမ်သောက်ပါ။ ကိုယ်ဝန် ၉-လမှ မွေးပြီး ၃-လအထိ ဗီတာမင် ဘီဝမ်းဆေးသောက်ပါ။ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်အနည်းဆုံး ၄-ကြိမ် ပြသစစ်ဆေးပါ။ မေးခိ်ုင်ရောဂါကာကွယ်ဆေး တစ်လခြား ၂-ကြိမ်ထိုးရပါမည်။ ကိုယ်ဝန်ဆောင်ချိန် ပိုမိုအနားယူပါ။ ငှက်ဖျားရောဂါ ကာကွယ်ရန် တစ်မိသားစုလုံး ဆေးစိမ်ခြင်ထောင်နှင့် အိပ်ပါ။


နို့တိုက်မိခင်အနေနဲ့ ဘာတွေကို ဘယ်လိုစားမလဲ? ဘာတွေလုပ်ရမလဲ?

သာမန်ထက် ထမင်းနှစ်နပ်ပိုစားပါ။ ထမင်းကို လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ပဲအမျိုးမျိုးတို့နှင့် စားပါ။ နွားနို့သောက်ပါ။ သင့်ကလေး ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် ဟင်းချက်ရာတွင် အိုင်အိုဒင်းဆားသုံးပါ။ သွေးအားနည်းခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်နှင့်မွေးပြီး အနည်းဆုံး ၃-လအထိ သံဓာတ်နှင့် ဖောလစ်အက်စစ်ဆေးသောက်ပါ။ မွေးပြီး ၃-လအထိ ဗီတာမင် ဘီဝမ်းဆေးသောက်ပါ။ ကလေးမကျန်းမမာ ဖြစ်ခြင်းမှ ကာကွယ်ရန် မွေးပြီး ၆-ပတ်အတွင်း ဗီတာမင်အေ ဆေးလုံး သောက်ပါ။ ငှက်ဖျားရောဂါ ကာကွယ်ရန် တစ်မိသားစုလုံး ဆေးစိမ်ခြင်ထောင်နှင့် အိပ်ပါ။


References:

အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။

ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။

လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...