သွေးအားနည်းခြင်းနဲ့ သံဓာတ်အာဟာရ ဘယ်လိုဆက်စပ်နေသလဲ?
သံဓာတ်အာဟာရသည် သွေးနီဥတည်ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။ သွေးအားနည်းရောဂါသည် သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ(၁၂) စသည့်အာဟာရဓာတ်များချို့တဲ့မှုကြောင့် ဖြစ်သည်။ အဓိကအားဖြင့် သံဓာတ်အာဟာရချို့တဲ့သွေးအားနည်းရောဂါသည် အဖြစ်အများဆုံး ဖြစ်သည်။
ဘယ်လိုလူတွေ သံဓာတ်အာဟာရကို ပိုလိုအပ်သလဲ။
(သန္ဓေသားဘဝ၊ ကလေးငယ်၊ ပျိုဖော်ဝင်ချိန်) လျင်မြန်စွာ ကြီးထွားချိန်တွင် သံဓာတ်လိုအပ်ချက် မြင့်မားလာသည်။ အမျိုးသမီးများသည် ဓမ္မထာလာချိန် သွေးဆုံးရှုံးမှု၊ ကိုယ်ဝန်ဆောင်ချိန် အာဟာရလိုအပ်ချက်များလာမှုတို့ကြောင့် အမျိုးသားများထက် သံဓာတ်ကို ပိုမိုလိုအပ်သည်။
ဓမ္မထာလာသော မိန်းကလေးများနှင့် အမျိုးသမီးများသည် အရွယ်ရောက်ပြီးအမျိုးသားများထက် သံဓာတ် နှစ်ဆပိုမိုလိုအပ်သည်။
ဘာကြောင့် သွေးအားနည်းနိုင်သလဲ။
သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း၏ အဓိကအကြောင်းရင်းမှာ အစားအစာချို့တဲ့ခြင်း (အထူးသဖြင့် အသား၊ ငါးနည်းပါးသော အစားအစာ စားသုံးခြင်း) ကြောင့် ဖြစ်သည်။ အခြားအကြောင်းရင်းများမှာ သွေးနီဥများကို ပျက်စီးစေသော ငှက်ဖျားရောဂါ၊ သန့်ရှင်းမှုအားနည်းချိန် မြေကြီးမှ အလွယ်တကူ ကပ်ပါလာနိုင်သော (သံကောင်ကဲ့သို့) ကပ်ပါးကောင်များကြောင့် ဖြစ်သည်။
သံဓာတ်အလုံအလောက်မရရှိလို့ သွေးအားနည်းရောဂါ ဖြစ်ရင် ဘာဆိုးကျိုးတွေရှိလဲ။
သွေးအားနည်းသော လူကြီးများတွင် ကာယအား၊ ဉာဏအား ကျဆင်း၍ လုပ်အားစွမ်းရည်ကျဆင်းမည်။ မောပန်းလွယ်၊ ညောင်းညာ၊ မအီမသာ၊ ရင်တုန်၊ မူးဝေ၊ အစားအသောက်ပျက်ခြင်း၊ နှုတ်ခမ်း၊ မျက်ခမ်း၊ လက်ဖဝါးဖြူတ်ဖြူလျော်ဖြစ်ခြင်း၊ ရောဂါပြင်းထန်လျှင် နှလုံးရောဂါဖြစ်ခြင်း၊ ဖောရောင်ခြင်း၊ သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။
ကလေးများ သွေးအားနည်းလျှင် ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်း၊ ကျောင်းစာကို စိတ်ဝင်စားစွာ မှတ်သားနိုင်မှုနည်းခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်း၍ ချူချာခြင်း၊ ရောဂါရလွယ်ခြင်းတို့ ဖြစ်သည်။
ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းလျှင် လမစေ့ကလေးမွေးခြင်း၊ ပေါင်မပြည့်ကလေး မွေးခြင်းများဖြစ်နိုင်သည့်အပြင် မိခင်နှင့် ကလေး အသက်အန္တရာယ် စိုးရိမ်ရသည်။
သွေးအားနည်းရောဂါကို ဘယ်လိုကာကွယ်မလဲ။
သံဓာတ်ဆေးပြား သောက်ခြင်း၊ သံဓာတ်ကြွယ်ဝသော အစားအစာများစားခြင်း၊ အစာတွင် သံဓာတ်အာဟာရဖြည့်စွက်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးဖြင့် ကာကွယ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များအား ဖြန့်ဝေလေ့ရှိသည့် သံဓာတ်ဆေးပြားတွင် သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ ပါဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ဆေးပြား (၁၈၀) ပြားသောက်ရ မည်။ ကိုယ်ဝန်ရှိမှန်းသိသည်နှင့် ကိုယ်ဝန် (၇)လအထိ သံဓာတ်ဆေးပြား တစ်နေ့တစ်ပြား ညအိပ်ရာဝင်ချိန် သောက်ရမည်။ ကိုယ်ဝန် (၇)လနောက်ပိုင်းတွင် တစ်ကြိမ်လျှင်သံဓာတ်ဆေးပြားတစ်ပြား (နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်) တစ်နေ့ (၂)ကြိမ်သောက်ရမည်။
သံဓာတ်ကြွယ်ဝတဲ့အစားအစာများမှာ အသား၊ အသည်းစသော တိရစ္ဆာန်ထွက် အစားအစာများဖြစ်သည်။ ထိုအစားအစာများမှ သံဓာတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူစုပ်ယူနိုင်သည်။ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနှင့် စိမ်းလန်းသောဟင်းသီးဟင်းရွက်များတွင် သံဓာတ်ကြွယ်ဝသော်လည်း အစာလမ်းကြောင်းမှ စုပ်ယူနိုင်စွမ်းနည်း သည်။ မိခင်နို့တွင်ပါဝင်သော သံဓာတ်ကို ကလေး၏အူလမ်းကြောင်းမှ ကောင်းစွာစုပ်ယူသည်။ မွေးစကပါလာသည့် သိုလှောင်ထားသော သံဓာတ်များသည် ကလေး၏အသက် (၆)လခန့်အထိသာ လုံလောက်ပါသည်။ ထို့ကြောင့် အသက် (၆)လကျော်လျှင် ဖြည့်စွက်အစာမှသာ သံဓာတ်ရရှိပါမည်။
စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာတွင် အသား၊ ငါး၊ မျှင်ငပိ စသည်တို့ အခတ်ရော၍ ချက်ပြုတ်ခြင်း (ဥပမာ-ချဉ်ပေါင်ရွက်နှင့် ငါးချဉ်ရေ၊ ကန်စွန်းရွက်နှင့် အသားအနည်းငယ်ရောကြော်ခြင်း)၊ ဟင်းသီးဟင်းရွက်ကို အစိမ်းသုတ်စားခြင်း၊ နွမ်းရိအောင်မကြော်ချက်ခြင်းဖြင့် သံဓာတ်အာဟာရပိုမိုရရှိနိုင်သည်။ ဗီတာမင်စီကြွယ်ဝသော သစ်သီး၊ သစ်သီးဖျော်ရည် (ဥပမာ-မာလကာသီး၊ သံပုရာရည်)တို့သည် သံဓာတ်စုပ်ယူမှုကို အားကောင်းစေသဖြင့် ထမင်းစားပြီး (၂)နာရီအတွင်း စားသုံးသင့်သည်။ သံဓာတ်စုပ်ယူမှုကို နှောက်ယှက်သော လဘက်သုတ်၊ လဘက်ရည်ကြမ်းဖန်ဖန်၊ လဘက်ရည်အချိုတို့ကို ထမင်းမစားမီ (၁)နာရီ၊ စားပြီး (၂)နာရီအတွင်း မစားသုံးသင့်ပါ။
အချို့သော သန်ကပ်ပါးကောင်များသည် သွေးစုတ်ခြင်း၊ သန်ကောင်ကပ်ငြိမှုများလွန်းပါက အာဟာရစုတ်ယူခြင်းတို့ကြောင့် ကလေးများအား (၆)လတစ်ကြိမ်ခန့် သန်ချပေးရမည်။ ချိတ်သံကောင်များ အရေပြားကို ဖောက်ထွင်းမဝင်နိုင်စေရေးအတွက် ကလေးများအား အပြင်ထွက်သည့်အခါတိုင်း ဘိနပ်စီးပေးရမည်။ သန်ကောင်ကာကွယ်ရန် အစာမစားမီနှင့် အိမ်သာမှထွက်သည့်အခါတိုင်း ဆပ်ပြာနှင့် လက်ကို စင်ကြယ်စွာဆေးသင့်သည်။
References:
အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။
ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။
လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။
No comments:
Post a Comment