အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Tuesday, January 15, 2019
နို့တင်းလွန်နေပါသလား?
နို့တင်းလွန်နေပါသလား?
နို့တင်းလွန်ခြင်းလက္ခဏာများမှာ-
· သားမြတ်နှစ်ဖက်လုံးဖြစ်
· ဖောရောင်
· အထိမခံနိုင်
· ပူနွေး
· အနည်းငယ်နီမြန်း
· နာကျင်
· ပြောင်နေ၊ တင်းနေသည်။ နို့သီးခေါင်းတင်းနေသဖြင့် နို့ငုံရခက်သည်။
· ကနဦးရက်များတွင် မကြာခဏနို့မတိုက်ကျွေးခဲ့သော မိခင်များတွင် မွေးပြီး ၃-၅ ရက် နို့လိုက်လာသောအခါ ဖြစ်လေ့ရှိသည်။
နို့တင်းလွန်တာ မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ?
မွေးပြီးလျှင်ပြီးချင်း မိခင်ရင်ဘတ်ပေါ် တင်၍ အသားချင်းထိကပ်ပေးပါ။
မွေးပြီးတစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးပါ။
ထိကပ်မှုကောင်းစွာနို့စို့စေပါ။
၂၄ နာရီ နေ့ရောညဥ့်ပါ တစ်နေ့ ၁၀-၁၂ ကြိမ် ကလေးစို့လိုသလောက် မကြာခဏ မိခင်နို့တိုက်ကျွေးပါး
(မှတ်ချက်- ပထမ ၁-၂ ရက်တွင် ကလေးသည် တစ်နေ့ ၂-၃ ကြိမ်သာ နို့စို့လေ့ရှိသည်။)
မွေးပြီးလျှင်ပြီးချင်း ကလေးကို မိခင်ရင်ဘက်ပေါ်တင်ပြီး မိခင်နှင့် အသားချင်းထိကပ်ထားပါ။ ကလေးလက်ကိုလည်းကောင်း၊ မိခင်နို့ကိုလည်းကောင်း ဆေးကြောခြင်းမလုပ်ပါနှင့်။ ကလေးသည် မိခင်သားမြတ်ကို အနံ့၊ အမြင်ဖြင့် ရှာဖွေနိုင်ရန် ဖြစ်သည်။
မွေးပြီးစောနိုင်သမျှစောစွာ ကလေးက အဆင်သင့်ဖြစ်သည်နှင့် မိခင်နို့တိုက်ကျွေးပါ။ ကလေးသည် လှုပ်ရှားလာပြီး မိခင်သားမြတ်ကို မိမိဘာသာရှာလိမ့်မည်။ ထိကပ်မှုမှန်ကန်စွာ နို့စို့စေရန် အသေအချာကြည့်ပါ။ မကြာခဏ မိခင်နို့တိုက်ကျွေးပါ- နို့စို့များမှ နို့ထွက်များသည်။
ပထမနို့ကို ကလေးသူ့အလိုအလျောက်လွှတ်ပြီးမှ ဒုတိယသားမြတ်ဘက်သို့ ပြောင်းတိုက်ပါ။ မိခင်နို့တစ်မျိုး တည်းသာတိုက်ပါ။ အခြားအရည်၊ ရေ၊ အစာများမတိုက်ကျွေးပါနှင့်။
နို့တင်းလွန်လာရင် ဘယ်လိုလုပ်မလဲ?
· ထိကပ်မှုကောင်းစွာ နို့စို့စေပါ။
· မကြာခဏမိခင်နို့တိုက်ပါ။
· နို့ရည်စီးဆင်းမှု ကောင်းစေရန် သားမြတ်ကို လက်ချောင်းများဖြင့် သပ်ချပေးပါ။
· နို့သီးခေါင်းတစ်ဝိုက်ပျော့လာစေရန် ဖိနှိပ်ပေးပါ (နို့စို့လွယ်ရန်)။
· သားမြတ် ၂-ဖက်လုံး စို့စေပါ။
· နို့မတိုက်မီ နို့တင်းခြင်း လျော့စေရန် နို့ညှစ်ထုတ်ပါ။
· နို့မညှစ်ထုတ်မီ နို့ရည်စီးဆင်းမှုလွယ်ကူစေရန် ရေနွေးဝတ်တင်ထားပါ။
· နို့ညှစ်အပြီး ဖောရောင်မှုသက်သာစေရန် ရေအေးဝတ်တင်ပါ။
နို့သီးခေါင်းနာခြင်း/ကွဲခြင်းဆိုတာ ဘာကို ပြောတာလဲ?
နို့သီးခေါင်းနာနေ/ကွဲနေရင်တော့ သားမြတ်/နို့သီးခေါင်းနာကျင်နေမယ်။ နို့သီးခေါင်းထိပ်မှာ ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်း ဖြစ်နေမယ်။ တစ်ခါတစ်လေသွေးထွက်တယ်။ ရောဂါပိုးဝင်လာနိုင်တယ်။
နို့သီးခေါင်းနာခြင်း/ကွဲခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
ထိကပ်မှုကောင်းစွာ နို့စို့စေပါ။ နို့ပုလင်း၊ ချိုလိမ်နှင့် နို့မတိုက်ပါနှင့်။ စုပ်ယူရပုံ မတူသဖြင့် ကလေးအတွက် နို့သီးခေါင်းကို ဇဝေဇဝါဖြစ်နိုင်သည်။ နို့သီးခေါင်းကို ဆပ်ပြာနှင့် ဆေးခြင်း၊ လိမ်းဆေးလိမ်းခြင်း မပြုပါနှင့်။
နို့သီးခေါင်းနာခြင်း/ကွဲခြင်း ဖြစ်လာပြီဆိုရင် ဘာလုပ်မလဲ?
· မိခင်နို့တိုက်ခြင်း မရပ်ဆိုင်းပါနှင့်။
· ထိကပ်မှုကောင်းစွာ နို့စို့စေရန် ကူညီပါ။ ကလေးသည် နို့သီးခေါင်းအောက်မှ သားမြတ်သို့ ချဉ်းကပ်ရမည်။ မိခင်နှင့် နီးကပ်စွာ ပွေ့ချီနို့တိုက်ရမည်။
· နာကျင်မှုနည်းသည့်ဘက်မှ စတိုက်ပါ။
· အနေအထားပြောင်းလဲတိုက်ပါ။
· ကလေးက သူ့အလိုလို နို့ချွတ်ပါစေ။
· နို့သီးခေါင်းကို နို့ရည်သုတ်လိမ်းပေးပါ။
· နို့သီးခေါင်းကို ဆပ်ပြာနှင့် ဆေးခြင်း၊ လိမ်းဆေးလိမ်းခြင်း မပြုပါနှင့်။
· နို့တင်းအောင် စောင့်ပြီးမှ နို့မတိုက်ပါနှင့်။
· နို့ဘူးမတိ်ုက်ပါနှင့်။
References:
လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမ်အာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment