အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Tuesday, January 15, 2019
နို့ဦးရည်တိုက်ကျွေးခြင်း နှင့် ကလေးအသက် (၆) လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်း
ကလေးကို မွေးပြီးပြီးချင်း ဘာတွေ ဘယ်လို တိုက်ကျွေးမလဲ?
မွေးပြီးပြီးချင်း ကလေးကို မိခင်ရင်ဘတ်ပေါ်တွင် ‘အသားချင်းထိကပ်’ တင်ပေးပြီး ပွေ့ပိုက်ထားစေပါ။
မိခင်နှင့် ‘အသားချင်းထိကပ်’ ခြင်းဖြင့် ကလေးသည် အနွေးဓာတ်ကို ရရှိစေသည်။ မိခင်နို့စို့လိုစိတ်ဖြစ်သည်နှင့် အလွယ်တကူစို့နိုင်သည်။
မွေးပြီးတစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးပါ။ မွေးစထွက်သော ဝါပျစ်ပျစ်နို့ရည် (နို့ဦးရည်) သည် ကလေးကို နာမကျန်းဖြစ်ခြင်းမှ ကာကွယ်သည်။
ကလေးကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ။ ရေ၊ အရည်တို့တိုက်ကျွေးရန် မလိုပါ။
ပြီးရင် ဘာတွေဆက်တိုက်ကျွေးမလဲ?
ကလေးအသက် ၆ လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးဖို့လိုသည်။ ကလေးအသက် ၆ လပြည့်အထိ လိုအပ်သည့် အာဟာရအားလုံးနှင့်ရေကို မိခင်နို့မှ ရရှိသည်။ ကလေးအသက် ၆ လပြည့်အထိ ကလေးကို အခြားအစာ၊ အရည်များ မတိုက်ပါနှင့်။ ရေတောင်မတိုက်ပါနှင့်။ ရေ၊ အခြားအစာတို့သည် ကလေးကို နေမကောင်းဖြစ်စေတတ်သည်။ ကျန်းမာရေးဝန်ထမ်းက ပေးသော ဆေးများကိုမူ တိုက်နိုင်သည်။
ကလေးအသက် ၆ လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရင် ဘာတွေအကျိုးရှိမလဲ?
ကလေးအသက် ၆ လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြင့် ရောဂါများ (ဥပမာ-ဝမ်းလျှောဝမ်းပျက်၊ အသက်ရှူလမ်းကြောင်းရောဂါများ) မှ ကာကွယ်ပေးသည်။
ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းသာ တိုက်နေပြီး ရာသီသွေးလည်း ထိမ်နေပါက သားဆက်ခြား စေသဖြင့် သင့်ကို နောက်ထပ်ကိုယ်ဝန်မရဖို့ ကာကွယ်သည်။
အသက် ၆ လမပြည့်မီ မိခင်နို့အပြင် အခြားအစာ၊ အရည် (နို့မှုန့်၊ တိရစ္ဆာန်နို့၊ ရေ) တို့ ရောနှောကျွေးမွေးခြင်း ပြုပါက သင့်ကလေးအစာအိမ်ကို ထိခိုက်စေနိုင်သည်။ ရောနှောကျွေးခြင်းကြောင့် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကရသော ရောဂါကာကွယ်မှုအကျိုးကျေးဇူးများ ကလေးမရရှိနိုင်။ ရောနှောကျွေးခြင်းကြောင့် အာဟာရချို့တဲ့မှုလည်း ဖြစ်နိုင်သည်။
မိခင်နို့ထွက်သန်စေဖို့ ဘာလုပ်ရမလဲ?
မိခင်နို့ထွက်သန်စေရန် ကလေးဆာတိုင်း၊တောင်းတိုင်း နေညဥ့် တစ်နေ့ (၈-၁၂) ကြိမ် မိခင်နို့တိုက်ကျွေးပါ။ ငိုခြင်းသည် ဆာခြင်း၏နောက်ကျသော လက္ခဏာဖြစ်သည်။ ကလေးဆာကြောင်း ရှေးဦးပြသသော လက္ခဏာ များဖြစ်သည့် ဂနာမငြိမ်ခြင်း၊ ပါးစပ်ဟပြီး ဦးခေါင်းကို ဘယ်ညာရမ်းခြင်း၊ လျှာကို ထုတ်ချည်သွင်းချည် ပြုလုပ်ခြင်း၊ လက်ချောင်းများ၊ လက်သီးစုပ်တို့ကို စုပ်နေခြင်း ကို တွေ့ပါက မိခင်နို့တိုက်ကျွေးပါ။ နို့တစ်ဖက်ကို ပြီးအောင်စို့စေပြီးမှ နောက်တစ်ဘက်ကို စို့စေပါ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးနေသော ကလေးသည် အရောင်ဖျော့ဖျော့ဆီး တစ်နေ့ ၆ ကြိမ်နှင့်အထက်သွားနေပါက အစာရော ရေပါလုံလောက်သည်။ ကလေးကိုယ်အလေးချိန်မတိုး၊ ပိန်နေသည်ထင်ပါက ကျန်းမာရေးဌာနသို့ ညွှန်းပို့ပါ။
References:
လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမ်အာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment