အသက် ၆-လအောက်ကလေး နေမကောင်းရင် မိခင်နို့ဘယ်လိုတိုက်ကျွေးမလဲ?
မိခင်နို့ကို တစ်နေ့ (၁၂) ကြိမ်တိုက်ကျွေးပါ။ နေ့ရောညဥ့်ပါ တိုက်ကျွေးပါ။ မကြာခဏတိုက်ကျွေးပါ။ မိခင်နို့တိုက်ကျွေးခြင်းသည် နေမကောင်းဖြစ်နေသောကလေးကို သက်သောင့်သက်သာရှိစေပါသည်။ အကယ်၍ ကလေးသည် မိခင်နို့စို့ရန် ငြင်းဆန်နေပါက နို့စို့လာသည်အထိ ချော့မြှူအားပေးတိုက်ကျွေးပါ။ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းကပေးသော ဆေးများနှင့်အတူ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။
အကယ်၍ ကလေးသည်မိခင်နို့စို့ရန် အင်အားနည်းနေပါက မိခင်နို့ကို ညှစ်ပြီးခွက်ဖြင့်တိုက်ပါ။
ကလေးနဂိုကိုယ်အလေးချိန် ပြန်လည်ရရှိစေရန် နာလန်ထချိန်တွင် မိခင်နို့ကို အကြိမ်တိုးတိုက်ပါ။
အသက် ၆-လ အထက်ကလေး နေမကောင်းရင် ဘယ်လိုအစာကျွေးမလဲ?
နာမကျန်းဖြစ်နေသည့်ကလေးသည် ရောဂါကြောင့်လည်းကောင်း၊ အစာစားသုံးမှုနည်းသောကြောင့် လည်းကောင်း အာဟာရချို့တဲ့မှုအန္တရာယ်ကို ကြုံတွေ့နိုင်ပါသည်။
ရောဂါတန်ပြန်တိုက်ခိုက်ရန်၊ ကိုယ်အလေးချိန်ကျဆင်းခြင်း နည်းပါးစေရန်နှင့် နာလန်ထပိုမိုမြန်စေရန် နေမကောင်းဖြစ်နေသောကလေးကို မိခင်နို့မကြာခဏ တိုက်ကျွေးပါ။ မိခင်နို့ကို အကြိမ်ပို၍တိုက်ပါ။ နေမကောင်းဖြစ်နေသောကလေးသည် အစာနှင့် အရည်ပိုမိုလိုအပ်သည်။
ကလေးအား (ဆာလောင်မွတ်သိပ်မှု မရှိသည့်တိုင်) ချော့မြှူ၍ အစာကျွေးရပါမည်။ နာမကျန်းဖြစ်နေစဉ် အစာမကျွေးပဲ မနေပါနှင့်။ လျှော့မကျွေးပါစေနှင့်။ ဆက်ကျွေးရမည်။
သင့်ကလေး ခံတွင်းပျက်နေပါက တစ်ကြိမ်လျှင် ပမာဏနည်းနည်းနှင့် အကြိမ်တိုးကျွေးပါ။ အစာပျော့ပျော့ ကျွေးပါ။ (အထူးသဖြင့် ပါးစပ် သို့မဟုတ် လည်ချောင်းနာနေလျှင်)။
ရိုးရှင်းသောအစာများဖြစ်သည့် ဥပမာ-ဆန်ပြုတ်ပျစ်ပျစ်ကျွေးပါ။ အဆီများသောအစာ၊ စပ်သောအစာများ မကျွေးပါနှင့်။
ဖျားနေလျှင်ဖြစ်စေ၊ ဝမ်းသွားနေလျှင် ဖြစ်စေ အရည်ပို၍တိုက်ပါ။
ကလေးစားချင်သည့်အစာမျိုးကို ကျွေးပါ။ မိဘများက စားချင်သည့်အစာကို ဇွတ်မကျွေးသင့်ပါ။ ကလေးသည် မှိန်းမနေဘဲ၊ လန်းဆန်းနေချိန်တွင် ကျွေးသင့်သည်။
ကလေးကို လန်းလန်းဆန်းဆန်းဖြစ်အောင် ရေဖတ်တိုက်ပေးခြင်း၊ နှာရည်များသုတ်ပေးခြင်း ပြုလုပ်ပြီးမှ အစာကျွေးသင့်သည်။
နာလန်ထချိန်တွင် ဘယ်လိုကျွေးမလဲ?
အဖျားကျပြီး နာလန်ထချိန်တွင် ကလေးသည် ခံတွင်းပြန်၍ ကောင်းလာတတ်ပါသည်။ နာမကျန်းဖြစ်နေစဉ် လျော့သွားသည့် ကိုယ်အလေးချိန်ကို နာလန်ထချိန်တွင် အမြန်ဆုံးပြန်လည်ရရှိအောင် ဆောင်ရွက်သင့်သည်။ အစာကို ပို၍ ကျွေးသင့်သည်။
မိခင်နို့ကို အကြိမ်ပို၍ တိုက်ပါ။
ဖြည့်စွက်စာကို ပို၍ကျွေးပါ။ ကလေးအား အစာပိုစားရန် ချော့မြှူတိုက်တွန်း၍ ကျွေးပါ။
နာလန်ထပြီး ၂-ပတ်ကြာသည်အထိ တစ်နေ့ထမင်းတစ်နပ် ပိုစားစေရန် တိုက်တွန်းအားပေးကျွေးပါ။
ကလေးသည် ကျန်းမာရွှင်လန်းပြီး မူလကိုယ်အလေးချိန်ကို ပြန်လည်ရရှိသည့်တိုင် အစာပို၍ကျွေးပါ။
References:
လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။
No comments:
Post a Comment