အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Tuesday, January 15, 2019
ဗီတာမင်သက်စောင့်ဓာတ်တွေ လုံလောက်မျှတစွာရရှိဖို့ ဘာတွေ စားရမလဲ?
ဗီတာမင်သက်စောင့်ဓာတ်တွေ လုံလောက်မျှတစွာရရှိဖို့ ဘာတွေ စားရမလဲ?
ဗီတာမင်များသည် ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးရေးအတွက် နေ့စဉ်အနည်းငယ်မျှလိုအပ်သော အာဟာရ ဓာတ်များ ဖြစ်သည်။ ဗီတာမင်များအားလုံး လုံလောက်မျှတစွာရရှိရန် အစားအစာအမျိုးမျိုးစားသုံးရန် လိုအပ်သည်။
ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ?
ဗီတာမင်အေ(RETINOL)သည် အဆီတွင်ပျော်ဝင်သောဗီတာမင်တစ်မျိုးဖြစ်ပါသည်။ ဗီတာမင်အေသည် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ မျက်စိအမြင်ရရှိမှု၊ အသက်ရှုလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်း နှင့် ဆီးလမ်းကြောင်း အတွင်းရှိ အမြှေးပါများ သန်စွမ်းမှု အတွက် လိုအပ်သည်။ ဗီတာမင်အေ သည် ခန္ဓာကိုယ် တွင်း၌ ရောဂါခုခံအားကောင်းမွန်စေရန်လည်း လိုအပ်ပါသည်။
ဗီတာမင်အေ ကြွယ်ဝသောအစာများဖြစ်သော အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့၊ ထောပတ်၊ ဒိန်ခဲစသည်တို့ လုံလောက်စွာစားသုံးသောဓလေ့ ပိုမိုထွန်းကားလာစေရေးသည် ရေရှည်နည်းလမ်းဖြစ်သည်။
မွေးစကလေးများကို နို့ဦးရည်တိုက်ကျွေးခြင်း၊ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း၊ ဖြည့်စွက်အစာများတွင် အသက်အရွယ် အလိုက် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ရွေကန်စွန်းဥနှင့် အစိမ်းရင့်ရောင် ဟင်းရွက်များကို ထည့်သွင်းကျွေးမွေးခြင်းဖြင့် လည်းကောင်း၊ အသည်း၊ ဥ၊ တို့ကိုလည်း မကြာခဏ ကျွေးမွေးခြင်းဖြင့် လည်းကောင်း ဗီတာမင်အေကို ပြည့်ဝစေနိုင်ပါသည်။ အိမ်ခြံသီးနှှံံစိုက်ပျိုးခြင်း၊ တနိုင်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဗီတာမင်အေး ကြွယ်ဝသော အစားအစာများ ပိုမိုစားသုံနိုင်မည်ဖြစ်ပါသည်။
ဗီတာမင်ဒီ ချို့တဲ့ရင် ဘာဖြစ်မလဲ?
ဗီတာမင်ဒီကို ငါး ကြီးဆီ(ငါးအသည်းမှအဆီ)၊ တိရိစ္ဆာန်အသည်းနှင့် ထောပတ်၊ ကြက်ဥစသည့် အစားအစာ တို့မှ ရရှိနိုင်သည်။ နေရာင်ခြည်နှင့် ထိတွေ့ခြင်းဖြင့် ခန္ဓာကိုယ်အရေပြားသည် ဗီတာမင်ဒီကို ထုတ်လုပ် ပေး နိုင်သည်။ ဗီတာမင်ဒီ ချို့တဲ့လျှင် ကလေးများ၌ (Rickets) ခေါ် အရိုးပျော့ရောဂါ ဖြစ်ပွား တတ်သည်။
ဗီတာမင်ဘီဝမ်း ပြည့်ဝတဲ့အစားအစားတွေက ဘာတွေလဲ
နေ့စဉ်စားသုံးသည့် အစားအစာများတွင် ရေတွင် ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည့် ဗီတာမင်ဘီဝမ်း အလုံအေလာက် မပါဝင်လျှင် ခန္ဓာကိုယ်အတွင်း ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကို ဖြစ်စေသည်။
ဗီတာမင်ဘီဝမ်း ပြည့်ဝေသာ အစားအစာများ ပဲပုပ်၊ မြေပဲ၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ဂျုံ၊ ဆန် စသည့် ကောက်နှံများ၊ သစ်ဥသစ်ဖုအမျိုးမျိုး၊ ဟင်းရွက် အမျိုးမျိုးနှင့် သစ်သီးအမျိုးမျိုး တို့ဖြစ်ကြသည်။
ကျီးကန်းပါးစပ် ဘာကြောင့်ဖြစ်လဲ?
ဗီတာမင်ဘီ ၂ ချို့တဲ့လျှင် ကျီးကန်းပါးစပ၊် လျှာနှင့်နှုတ်ခမ်းတွင် ကွဲအက်ခြင်းနာခြင်းတို့ ဖြစ်တတ်သည်။ ဗီတာမင် ဘီ ၂ သည်နွားနို့၊ ကြက်ဥ၊ အသည်းတို့တွင် ကြွယ်ဝပါသည်။ ဟင်းသီးဟင်းရွက်၊ ပဲနှင့် ဆန်လုံးညိုတို့တွင် အသင့်အတင့် ပါရှိသည်။
ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းရောဂါ မဖြစ်အောင် ဘာတွေစားရမလဲ?
ဖောလစ်အက်ဆစ်ဓာတ်သည် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၌ ပါဝင်သည်။ ယင်းဓာတ်ချို့တဲ့လျှင် သွေးအားနည်းရောဂါဖြစ်စေတတ်ပြီး ကိုယ်ဝန်ဆောင်မိခင်များတွင် အဖြစ်များတတ်သည်။ အာရုံးကြောနှင့် ဆိုင်သော မွေးရာပါ ချို့ယွင်းမှုများလည်း ဖြစ်စေနိုင်သည်။
ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာတွေက ဘာတွေလဲ?
ဗီတာမင်စီသည် ရေတွင်ပျော်ဝင် နိုင်သော ဓာတ်တစ်မျိုးဖြစ်သည်။ ယင်းဓာတ် ကြွယ်ဝသော အစားအစာ များမှာ ဟင်းရွက်များ (ကန်စွန်း၊ ချဉ်ပေါင်၊ ဒန့်သလွန်၊ ဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်)၊ အရည်စိုရွမ်းသော သစ်သီးများ (ရှောက်သီး၊ သံပုရာ၊ လိမ္မော်၊ ကျွဲကော) စသည်တို့ဖြစ်သည်။ ဇီးဖြူသီး၊ မာလကာသီးတို့သည် ဗီတာမင်စီ အများဆုံးပါဝင်သော အသီးများ ဖြစ်သည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးအားလုံးတွင် ယင်းဓာတ်ပါရှိသည်။ ဗီတာမင်စီသည် အပူကြောင့် အလွယ်တကူ ပျက်စီးနိုင်သည်။ အစားအေသာက်များ ချက်ပြုတ်ရာတွင် ၅၀% မှ ၇၅% ထိ ပျက်စီးနိုင်သည်။ ထို့ကြောင့် သစ်သီးများကို အစိမ်းစားသုံးပါက ဗီတာမင်စီကို အလွယ်တကူ ရရှိနိုင်သည်။ ဗီတာမင်စီချို့တဲ့လျှင် (Scurvy)ခေါ် သွားဖုံးသွေးယိုရောဂါ ဖြစ်တတ်သည်။ သွားဖုံးများပွလာပြီး မကြာခဏ သွေး ထွက်ခြင်း၊ အရေပြားပေါ်တွင် သွေးခြည်ဥခြင်း၊ အားနည်းခြင်း၊ မောပမ်းခြင်းဖြစ်ပြီး နောက်ဆုံးတွင် သေဆုံးသည်အထိ ဖြစ်နိုင်သည်။ ဗီတာမင်စီသည် အနာကျက်ရန် လိုအပ်သဖြင့် ခွဲစိတ်ထားသောလူနာများ ဗီတာမင်စီ လုံလောက်စွာ စားသုံး ရပါမည်။
References:
အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၊ ကျန်းမာရေးဦးစီးဌာန။
ကျန်းမာရေးဆိုင်ရာ စံကိုက် သတင်းအချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန။
လူထုအတွင်း ၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း၊ ၂၀၁၆ ခုနှစ်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့။
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမ်အာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment